(ဆ)-ဝန်ထမ်းများ ဌာနတွင်းသင်တန်းများနှင့် အခြားသင်တန်းများကို ညအိပ်ညနေသင်တန်း တက်ရောက်ရာတွင် ခရီးစရိတ်ဥပဒေပါ နေ့တွက်စရိတ်ကို လက်ရှိကုန်ဈေးနှုန်းနှင့် မျှတသည့်နှုန်းသို့ တိုးမြှင့်ခံစားခွင့်ပြုနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၈-၁၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ဘခ-၁/၃၁၀ (၆၀၂၆/၂၀၁၃) အရ  ၁-၁-၂၀၁၄ ရက်နေ့မှစပြီး ဌာန၊ အဖွဲ့အစည်းများက ပြုလုပ်သည့်သင်တန်းများကို ညအိပ်ညနေ တက်ရောက်သည့်အခါ ခရီးစရိတ် ဥပဒေပါ နေ့တွက်နှုန်း လက်ရှိကျပ် ၃၀၀၀ ကို ခံစားခွင့်မရှိဘဲ သတ်မှတ်သင်တန်း စားစရိတ်နှုန်းထား တစ်ရက် ကျပ် ၅၀၀ နှုန်းခန့်ကိုသာ ခံစားခွင့်ရှိသည့် အတွက်ကြောင့် ဝန်ထမ်းများအနေဖြင့် လနှင့်ချီကြာမြင့်သည့် သင်တန်းများ တက်ရောက်သည့်အခါ လက်ရှိကုန်ဈေးနှုန်းကို ကာမိစေသော နှုန်းထားမဟုတ်သည့်အတွက် အိတ်စိုက်သုံးစွဲ နေရသောကြောင့် ဝန်ထမ်းများအခက်အခဲများစွာ ဖြစ်ပေါ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလိုညအိပ်ညနေ သင်တန်းများ တက်ရောက်ရသည့်အခါ သင်တန်းကာလ မည်မျှကြာမည် နည်းဆိုသည့် အခြေအနေပေါ်မူတည်ပြီး ရသည့်လစာများထဲမှ ငွေကိုကြိုတင်စုဆောင်း ကြရပါကြောင်း၊ မိသားစုများသည့် သူများမှာ မိသားစုစားစရိတ်များနှင့် မလုံမလောက် ဖြစ်နေသောကြောင့် ချေးငွေများချေးပြီး၊ သင်တန်းကိုပြီးဆုံးသည့်အခါမှ ချေးငွေများ ပြန်ဆပ်နိုင်ရန်၊ ကြိုးစားကြရပါကြောင်း၊ ထို့ကြောင့် မလုပ်သင့်မလုပ်ထိုက်သည့် အလွဲသုံးစားမှု၊ မသမာမှု၊ စာရင်းဖျောက်ဖျက်မှု၊ အဂတိလိုက်စားမှုစသည့် မကောင်းသည့်လုပ်ရပ်များနှင့် ကြုံသလို ဖြေရှင်းနေကြရသည်ကို တွေ့ရှိရပါကြောင်း၊

သို့ပါ၍ လက်ရှိကုန်ဈေးနှုန်းနှင့် ကာမိစေမည့် သင်တန်းစားစရိတ် နှုန်းထားသစ်တစ်ခုကို တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးနိုင်ရန် လိုအပ်မည်ဟု ယူဆမိသည့်အတွက်ကြောင့် ဝန်ထမ်းများ ညအိပ်ညနေ သင်တန်းများ တက်ရောက်သည့်အခါ လက်ရှိသင်တန်း စားသောက်စရိတ် ကျပ် ၅၀၀ အစား လက်ရှိကုန်ဈေးနှုန်းနှင့် ကာမိစေနိုင်မည့် နှုန်းထားသစ်တစ်ခုကို တိုးမြှင့်ခွင်‌့ပြုခံစားခွင့်ပြုနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ မရှိလျှင် အကြောင်းအရင်း ဖြေကြားပေးပါရန်နှင့် အစီအစဉ်ရှိမည်ဆိုပါက တိုးမြှင့်ခွင့်ပြုပေးမည့် နှုန်းထားအသစ်ဖြင့် မည်သည့်ကာလမှစ၍ ခံစားခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ဖြေကြားပေးနိုင်ရေးကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။