(င)-တိုင်းရင်းသား လူမျိုးများ၏ အခွင့် အရေးကာ ကွယ် စောင့်ရှောက်သည့်နည်းဥပဒေကိုမည်သည့် အချိန်မှာအပြီးရေးဆွဲမည်၊ဝန်ကြီး ဌာနများ၏ ရန် ပုံငွေနှင့် ဝန်ထမ်းခန့်အပ်မှုကိုမည်သည့်အချိန်တွင် စတင်မည် တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
ယခု ဥပဒေတွင်ဖွင့်ဆိုထားသည်မှာ တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်စဉ်က စဉ်ဆက်မပြတ်နေထိုင်လာခဲ့ကြသော လူမျိုးများကို ဆိုသည်အတွက် စဉ်ဆက်မပြတ်နေလာခဲ့ကြသော လူမျိုးစု ၁၃၅ မျိုးသည် တိုင်းရင်းသားလူမျိုးများ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဆိုသည့် စကားရပ်သည် အားလုံးနှင့် သက်ဆိုင် သည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ တွင် လည်း အားလုံးနှင့်သက်ဆိုင်ပါကြောင်း၊ ပုဒ်မ ၆ ပုဒ်မခွဲ (ခ) တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးဆိုသည့် စကားရပ်လည်း အားလုံးနှင့်သက်ဆိုင်ပါကြောင်း၊ ပုဒ်မ ၁၅ လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသား လူမျိုးများအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်ဆိုသည့် စကားရပ်သည်လည်း အားလုံးကိုဆိုလိုပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများသည်လည်း လူနည်းစု၊ လူများစု တိုင်းရင်းသားအားလုံး ပါဝင်နေကြပါကြောင်း၊ သို့သော် တချို့နေရာ၊ တချို့သောပုဂ္ဂိုလ်များ၊ တချို့မီဒီယာများ သုံးစွဲနေသော တိုင်းရင်းသားဆိုသည်မှာ လူနည်းစုလူမျိုးများကို ရည်ညွှန်းပြောဆိုရေးသား သုံးစွဲနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရှိရပါကြောင်း၊
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၂၀၁၅ ခုနှစ်အတွင်း ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်း ဥပဒေအရ ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီးကို ဖွဲ့စည်းထားရှိနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးအသီးသီးကို ဖွဲ့စည်းရဦးမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြဋ္ဌာန်းသည့်ဥပဒေကို အပြည့်အဝကျင့်သုံးနိုင်ရန်အတွက် နည်းဥပဒေ ရေးဆွဲခြင်း၊ ရန်ပုံငွေခွင့်ပြုပေးခြင်း၊ ဝန်ထမ်းခန့်ထားခြင်းစသည့် လိုအပ်ချက်များကိုလည်း ဆောင်ရွက်ရဦးမည် ဖြစ်ပါကြောင်း၊
တိုင်းရင်းသားများကို ခေတ်အဆက်ဆက်က ကာကွယ်စောင့်ရှောက်မှုများ အားနည်းခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များသည် မိမိတို့၏နိုင်ငံကို ဆင်းရဲသည်ထက် ဆင်းရဲစေ ခဲ့သော ပြဿနာတစ်ခု လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကို ခေါ်ယူ ကျင်းပ ဆွေးနွေးအဖြေရှာနေကြခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ နည်းဥပဒေကို မည်သည့်ကာလတွင် အပြီးရေးဆွဲပြီး မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးများ ဖွဲ့စည်းခန့်အပ်မှုကို မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးဌာနများအတွက် နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ ချပေးခြင်းနှင့် ဝန်ထမ်းခန့်ထားခြင်းကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ကူညီထောက်ပံ့သည့် အဓိပ္ပာယ်ဟုတ်/မဟုတ်၊ မဟုတ်ပါက တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့သည့် ဥပဒေကို သီးခြားပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။