(ဃ)-ဆီဆိုင်မြို့နယ်၏ မောက်မယ်မြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် ဆက်စပ်နေထိုင်ကြသော ကျေးလက်ပြည်သူများ Mobile ဖုန်းများ အသုံးပြုနိုင်ရန်အတွက် လိုအပ်သောနေရာများတွင် MPT တာဝါတိုင်တိုးချဲ့ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သည် အရှေ့ဘက်မှာ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်နှင့် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တို့နှင့် ဆက်စပ်လျက်ရှိပြီး ပွင့်ချောင်းတစ်လျှောက် တွင် တောင်ကုန်းတောင်တန်းများ ကာရံထားပြီး ပေ ၇၈၀၀ ခန့်မြင့်မားသည့် လွင်မောတောင်ကြီး တည်ရှိ ပါကြောင်း၊ အရှေ့ဘက်ခြမ်းနှင့် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ ခြင်း၊ ကျေးရွာအချို့တွင် ရေရှားပါးခြင်း၊ တောင်ကုန်းတောင်တန်းများ ထူထပ်စွာတည်ရှိခြင်းကြောင့် လူမှုဘဝဖွံ့ဖြိုးမှု နောက်ကျလျက်ရှိပါကြောင်း၊ ၎င်းဒေသသည် သွားရေးလာရေးခက်ခဲသည့်အပြင် Mobile တာဝါတိုင်မရှိသဖြင့် နေရာအတော်များများတွင် ဖုန်းပြောဆိုလို့မရပါကြောင်း၊  အချို့ငွေကြေးတတ်နိုင်သူ များမှ အထိုင်ဖုန်းများဝယ်ယူပြီး အိမ်၌ဖုန်းပြောနိုင်ကြသော်လည်း ကျန်လူအများစုမှာ ဖုန်းလိုင်းမိသည့် တောင်ထိပ်များ၊ ကျေးရွာရှိကုန်းမြင့်များသို့ အချိန်ပေးပြီး သွားရောက်ဖုန်းပြောနေကြရသဖြင့် အချိန်ကုန်၊ ငွေကုန် များစွာဖြင်‌့ ကြုံတွေ့နေရပါကြောင်း၊   တာဝါတိုင်ထားရှိပေးပါက နေရာမရွေးဖုန်းအသုံးပြုနိုင်ပြီး ကျေးလက်နေပြည်သူများအနေဖြင်‌့ မိမိတို့၏ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်လူမှုကိစ္စအဝဝများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး တောနှင့်မြို့ ဖွံ့ဖြိုးတိုးတက်ကွာဟမှုကို ပိုမိုကျဉ်းမြောင်းလာစေရေးရန် အတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်သောကြောင့် မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် ဆက်စပ်နေ သည့်ဒေသနေ တိုင်းရင်းသားပြည်သူများ မြို့နေပြည်သူများကဲ့သို့ မိုဘိုင်းဖုန်းများ အသုံးပြုနိုင် ရန် အတွက် လိုအပ်သောနေရာများတွင် တာဝါတိုင်တိုးချဲ့ တည်‌‌ဆောက်ပေးမည့် အစီအစဉ်ကို သိလိုပါကြောင်း မေးမြန်းပါသည်။