(စ)-မြောင်းမြမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ခရိုင်ရုံးအသစ် ပြန်လည်ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြောင်းမြခရိုင်ရုံးကို ၁၉၈၇ မှစတင်၍ ၁၉၉၂ အထိ ငါးနှစ်အကြာ ဖွင့်လှစ်ခဲ့ပြီးနောက် မြောင်းမြခရိုင်ရုံးကို ပိတ်သိမ်းပြီး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင် အတွင်းရှိ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင် လုပ်ငန်းများကို ပုသိမ်တိုင်းဦးစီးရုံးတွင် ယနေ့အထိတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်တိုင်းဦးစီးရုံးမှနေပြီး မြောင်းမြခရိုင်အတွင်းရှိ မြို့များကို ခြောက်လတစ်ကြိမ်၊ လပွတ္တာခရိုင်အတွင်းရှိ မြို့များကို တစ်နှစ်တစ်ကြိမ် နယ်လှည့်ကွင်းဆင်းပြီး ဆောင်ရွက်ပေးနိုင်ပါကြောင်း၊
ထို့ကြောင့် နယ်လှည့်ချိန်များကို ယာဉ်ပိုင်ရှင်များက စောင့်ဆိုင်းရသည့်အတွက်ကြောင့် အခွန်အခများ၊ ဒဏ်ကြေးများ၊ လလွန်ကြေးများကို ပိုမိုကုန်ကျသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်သည့်လများတွင် မြောင်းမြကနေပြီး ၃၂ မိုင်၊ လပွတ္တာမြို့ကနေ ၇၅ မိုင်ကွာဝေးသည့် ပုသိမ်ရုံးတွင်သွားရောက် ဆောင်ရွက်ရသည့်အတွက်ကြောင့် သွားလာစရိတ်များ၊ စားစရိတ်များ ပိုမိုကုန်ကျလျက်ရှိသည့်အပြင် စာရွက်စာတမ်းများစုံလင်ပြီး ယာဉ်ကြံ့ခိုင်မှု စစ်ဆေးအောင်မြင်ပါက နေ့ချင်းပြီးသော်လည်း အထောက်အထားမစုံလင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ပြန်လည်ပြင်ဆင်ရပါက တစ်ရက်တည်းမပြီးခြင်းကြောင့် အချိန်ကုန်လူပမ်းပြီး စရိတ်ထောင်းကာ အခက်အခဲများနှင့် ရင်ဆိုင်ရပါကြောင်း၊ မြောင်းမြခရိုင်တစ်ခုတည်းတွင် ယာဉ်အရေအတွက် ၄၀၀၀၀ ကျော်ရှိသော်လည်း ရုံးမရှိသေးပါကြောင်း၊ ဖျာပုံခရိုင်တွင် ယာဉ်အရေအတွက် ၂၈၀၀၀ ကျော်ရှိေသော်လည်း ခရိုင်ရုံး ဖွင့်လှစ်ပေးပြီး ဖြစ်ပါကြောင်း၊ ထူးခြားချက်မှာ မြောင်းမြခရိုင်တွင် ယာဉ်အရေအတွက် ၄၃၀၀၀ ကျော်ရှိသော်လည်း ယာဉ်မောင်းလိုင်စင်အရေအတွက် ၂၄၀၀၀ ကျော်သာရှိသည်ကို တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် လိုင်စင်မဲ့ယာဉ်မောင်း အများအပြားရှိခြင်းကို တွေ့ရှိရပြီး ယာဉ်မောင်းလိုင်စင်လျှောက်ထားရာတွင် အခက်အခဲများ တွေ့ရှိရမည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊
ရုံးဆောက်ရန်မြေနေရာကိုလည်း မြောင်းမြမြို့နယ် မြေချထားရေးကော်မတီနှင့် ညှိနှိုင်းလျာထားပြီး အခြားမိတ်ဖက်ရုံးများဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်း၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်ရုံးများလည်း ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ဆိုင်ကယ်အရောင်းပြခန်းငါးခုနှင့် ပုဂ္ဂလိကယာဉ်မောင်း သင်တန်းကျောင်းနှစ်ခုလည်း ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ က.ည.န ရုံးဆောက်ရန် လျာထားသည့် မြေနေရာရှိပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် က.ည.န မြောင်းမြခရိုင်ရုံးအသစ် ဖွင့်လှစ်ခြင်းအားဖြင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်နှစ်ခုထဲရှိ ပြည်သူများအနေဖြင့် ယာဉ်မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ လွယ်ကူသက်သာစွာ ဆောင်ရွက်နိုင်ခြင်း၊ မိတ်ဖက်ရုံးများဖြစ်သောကြောင့် မှတ်ပုံတင်လုပ်ငန်းများ ချိတ်ဆက်၍ One Stop Service ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော်အခွန်အခများ အချိန်နှင့်တစ်ပြေးညီ ကောက်ခံနိုင်ခြင်း၊ လမ်းစည်းကမ်း/ယာဉ်စည်းကမ်း ပညာပေးစစ်ဆေးအရေယူမှု လုပ်ငန်းများကို ထိရောက်မြန်ဆန် လာခြင်း၊ ယာဉ်မောင်းလိုင်စင်များ ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်ခြင်းဖြင့် လိုင်စင်မဲ့ယာဉ်မောင်း အရေအတွက်ကို ထိရောက်စွာ လျော့ချနိုင်ခြင်း၊ တရားဝင်လိုင်စင်ယာဉ်/ ဆိုင်ကယ်များ တိုးတက်များပြားလာသည့်အတွက် သယ်ယူပို့ဆောင်မှု၊ ကုန်စည်စီးဆင်းမှုများ ချောမွေ့လာသည်နှင့်အမျှ မြောင်းမြမြို့၏ စီးပွားရေးဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်းကြားမှုဦးစီးဌာန (က.ည.န) ခရိုင်ရုံးအသစ် ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ပြီး မည်သည့်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။