(ဂ)-ပခုက္ကူ-ကြံခင်းရထားလမ်းအပိုင်းနှင့် မင်းဘူးမှအမ်းသို့ ဖောက်လုပ်မည်ဟုဆိုသော မြေပေါင်များ ဖို့ထား၍ နစ်နာခဲ့သော တောင်သူများအား မည်သည့်နှုန်းထားများဖြင့် တွက်ချက်၍ ပေးလျော်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မင်းဘူး(စကု)မြို့နယ်တွင် ကြံခင်း-ပခုက္ကူရထားလမ်းနှင့် မင်းဘူး-အမ်းလမ်းဆိုပြီး ရထားလမ်းနှစ်လမ်း ဖြတ်သန်း ဖောက်လုပ်ထားပါကြောင်း၊ ကြံခင်း-ပခုက္ကူလမ်းကို ၂၀၀၆-၀၇ တွင် စီမံကိန်းစတင်ပြီး ၂၀၁၀-၁၁ တွင် စီမံကိန်းပြီးစီးခဲ့ပါကြောင်း၊ မင်းဘူးနှင့်ပွင့်ဖြူအပိုင်းကို ၂၂-၁-၂၀၁၁ ရက်နေ့တွင် စတင် ပြေးဆွဲခဲ့ပြီး  စီးမည့်သူမရှိသည့်အတွက် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရပ်ခဲ့ရသည့်အတွက် ပွင့်ဖြူ-စလင်းအပိုင်းနှင့် မင်းဘူးအပိုင်းကို ပြေးဆွဲခြင်း မရှိတော့ပါကြောင်း၊ မင်းဘူး-အမ်း-စစ်တွေလမ်းကို ၃၀-၈-၂၀၁၀ တွင် စီမံကိန်းစတင်ပြီး ၂၁-၄-၂၀၁၁ တွင် စီမံကိန်းရပ်ခဲ့ရပါကြောင်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၏ မြေကြီးတိုင်းတာမှုအနေဖြင့် ၄၁ မိုင်ခန့် တိုင်းတာခဲ့ပြီး မြေပြုပြင်ခြင်းလုပ်ငန်းကို ၁၉ မိုင်ခန့် ပြီးစီးခဲ့ပါကြောင်း၊ ထို့ကြောင့် မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သည့် ပခုက္ကူ-ကြံခင်းရထားလမ်းအပိုင်းနှင့် မင်းဘူး-အမ်း ဖောက်လုပ်ထားတဲ့ရထားလမ်းပေါင်များအတွက် နစ်နာခဲ့ရသည့် တောင်သူများအတွက် မည်သည့်အချိန်တွင် မည်သည့်နှုန်းထားများဖြင့် တွက်ချက်၍ လျော်ကြေးပေးသွားမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။