(ခ)-မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသောအကျိုးဆက်များ ဖြစ်နေခြင်းကိုလျော့နည်း စေရန် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်ပြောင်းလဲမှု၊ လူနေမှု ပုံစံပြောင်းလဲမှု၊ မြို့/ရွာတိုးချဲ့လာခြင်း၊ စွမ်းအင် လိုအပ်ချက်များလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပြောင်းအလဲ အသက်အရွယ်ကြီးလာမှု ထို့ကြောင့် အရှေ့တောင်အာရှတွင်နေထိုင်သူများသည် လေထုညစ်ညမ်းမှုဒဏ်ကို အလွယ်တကူခံရမှု ပိုများလာပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ အာဆီယံမြို့တော် ၁၀ မြို့တော် တွင် အမှုန်အမွှားပျံ့နှံ့မှုအမြင့်ဆုံး နှင့် လေထုညစ်ညမ်းမှု အမြင့်ဆုံးမှ မြန်မာနိုင်ငံဟု ပြောပါကြောင်း၊ ကမ္ဘာအနှံ့ကြုံတွေ့နေရသည့် အမှုန်အမွှားပျံ့နှံ့မှု၏ အဓိကအကြောင်းအရင်းမှာ ကျောက်မီးသွေး လောင်ကျွမ်းမှုကြောင့်ဖြစ်ပြီး Sulphurdioxide, Nitrogendioxide နှင့် ဖုန်မှုန့်များ ကို မြင့်မားစွာ ထုတ်လုပ်လာခြင်း၊ တစ်နည်းအားဖြင့် လျှပ်စစ်ထုတ်ခြင်းထက် PM 2.5 ထွက်ပေါ် နေသော အဓိကအကြောင်းအရင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကို သုံးဆမြင့်တက်စေနိုင် သကဲ့သို့ စွမ်းအင်မှာလည်း Carbondioxide ထုတ်လွှတ်မှုကို နှစ်ဆမြင့်တက် စေနိုင်ပါတယ်။ လျှပ်စစ်ဓာတ်ထုတ်လုပ်စက်ရုံများ၊ ကားများ၊ အခြားစက်ရုံများ၊ အခြားအရင်းအမြစ် များမှထွက်သော မီးခိုးနှင့်ဖုန်မှုန့်များသည် လေထုထဲရှိ Carbondioxide၊ Nitrogendioxide နှင့် အခြားဓာတ်ငွေ့များ ဓာတ်ပြုမိသောအခါ PM 2.5 အဖြစ်သို့ ပြောင်းလဲသွားပါကြောင်း၊ WHO ၏ PM 10 ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုဆိုင်ရာအချက်အလက်တွင် ပါရှိသည့်အချက်အလက်များအရ မြန်မာနိုင်ငံ၏ အခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်ပါကြောင်း၊ PM 10 ဆိုသည်မှာ PM 2.5 နှင့် အမှုန်၊ အခဲ နှစ်မျိုးလုံး ပါဝင်သော ညစ်ညမ်းသည့်အမှုန်အစုအဝေးသာဖြစ်ပါတယ်။ PM Particulate Matter တိုင်းတာရာ၌ ပါဝင်သည့်အချင်းမှာ 10 Micrometer အထိသာ အများဆုံးရှိရမည်ဖြစ်ပါကြောင်း၊ ၎င်းကို PM ဟုခေါ်ပါကြောင်း၊ အချက်အလက်များအရ ၁၄ မြို့ဖြစ်သည့် ပြင်ဦးလွင်၊ တောင်ငူ၊ ကျောက်ဖြူ၊ နမ့်ခမ်း၊ မော်လမြိုင်၊ ရေနံချောင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ စဉ့်ကိုင်၊ တောင်သာ၊ ကသာ၊ မိတ္ထီလာ၊ ပြည်၊ အောင်လံ၊ နမ္မတူ တို့တွင် WHO တစ်နှစ်အတွင်းရှိသည့် PM 10 စည်းနှင့် ကိုက်ညီ သည့် မြို့တစ်မြို့မှမရှိပါကြောင်း၊ အဆိုးဆုံးမြို့မှ ပြင်ဦးလွင်မြို့ဖြစ်ပြီး သတ်မှတ်ချက် ထက် ၇ ဆပို၍ ညစ်ညမ်းနေတာကို တွေ့ရပါကြောင်း၊ ၎င်းမြို့ ၁၄ မြို့အနက် ချောက်မြို့၏ PM 10 အဆင့်သည် တရုတ်နိုင်ငံညစ်ညမ်းမှုတွင် နာမည်ကျော်သော ပေကျင်းမြို့ထက် များနေတာကို တွေ့ရ ပါကြောင်း၊ ထို့ကြောင့် လေထုညစ်ညမ်းမှုစောင့်ကြည့်ရေးစနစ်၊ လေထုအရည်အသွေး၊ စံနှုန်း သတ်မှတ်ထားသည့် စနစ်၊ လေထုအရည်အသွေးစောင့်ကြည့်ရမည့်စခန်းများ ထားရှိရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ ယှဉ်တွဲပါလာမည့် လေထုအရည်အသွေး ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်း စီမံခန့်ခွဲရန်အတွက် လိုအပ်သော ဥပဒေ၊ နည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး အတွက် ဆိုးရွားပြင်းထန်သည့်အကျိုးဆက်များဖြစ်ပေါ်နိုင်သည့် လေထုညစ်ညမ်းမှုလျော့နည်းစေရန် အတွက် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။