(င)-ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းများအား စနစ်တကျ အားပေးကူညီ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေများအား ပြန်လည် စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် Community Forestry Instruction ကို ၁၉၉၅ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီး အစိုးရသစ်လက်ထက် ၁၆-၈-၂၀၁၆ ရက်နေ့တွင် ဝန်ကြီးဌာနအနေဖြင့် သစ်တောဥပဒေပုဒ်မ ၅၇ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဖြည်‌့စွက်ပြင်ဆင်စွာ ညွှန်ကြားချက်အသစ်တစ်ရပ်‌ ထုတ်ပြန်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်ကနေပြီး ၂၀၁၇ ခုနှစ် မေလအထိရထားသည့် CF က စာရင်းမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများတွင် လုပ်ပိုင်ခွင့်ချထားပေးမှု အခြေအနေမှာ အသုံးပြုသူများအဖွဲ့ ၂၈၀၀ ကျော်၊ အဖွဲ့ဝင်ဦးရေ ၇၀၀၀၀ ခွဲခန့်နှင့် ဧကပေါင်း ၄၀၀၀၀၀ နီးပါးခွင့်ပြုပေးခဲ့ပြီး ရည်ရွယ်ချက်ပင် ဖြစ်ပါကြောင်း၊ ၎င်း ရည်ရွယ်ချက်များနှင့်အတူ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၁-၂၂ အထိ ပထမငါးနှစ်တွင် CF ဧက လေးသိန်းခွဲခန့် ၂၀၀၂၁-၂၂ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ်အထိ ဒုတိယငါးနှစ် ဧကသုံးသိန်းကျော် စုစုပေါင်းဧက ခုနစ်သိန်းကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိနေခြင်းကြောင့်မို့ CF များ အောင်မြင်ရေးကို ယခုထက်ပိုပြီး စနစ်ကျသည့် အကူအညီများပေးရန် လိုအပ်နေပါကြောင်း၊ အောင်မြင်နေသည့် CF စိုက်ခင်းဖြစ်သည့် ဝမ်းတွင်းမြို့အရှေ့ဘက်က ရိုးစုံကျေးရွာအကြားတွင် သဘာဝတောဧက ၅၅၀ ခန့်ကို အဖွဲ့ဝင်အင်အား ၈၅ ဦးနှင့် CF စိုက်ခင်းထူထောင်ခဲ့ပြီး လျော်ဖြူ၊ စိုက်ပျိုးသီးနှံ၊ ပဲ၊ နှမ်း စသည်များကို စိုက်ပျိုးခဲ့ခြင်းကြောင့် ဒေသခံများ၏ဝင်ငွေ ကောင်းရုံမက သြစတေးလျနိုင်ငံ Energy Globe အဖွဲ့က ချီးမြှင့်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆု Energy Globe National Award ဆုရခဲ့ခြင်းကြောင့် နှစ် ၃၀ လုပ်ပိုင်ခွင့် ပေးထားခြင်းကြောင့် သဘာဝတောခေါင်းများကို CF စိုက်ခင်းလုပ်ထားသည်မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများကြီးရှိပါကြောင်း၊ မြေဦးရုံ၊ ‌မြေပိုင်ဆိုင်ရုံခွင့်ရရုံ သက်သက် အပိုင်ဦးထားခြင်း၊ လျှောက်တော့တစ်မျိုး၊ လုပ်တော့တစ်ဖုံဆိုသည့် နည်းပညာနှင့်ဈေးကွက် ဖန်တီးပေးမှု အကူအညီအားနည်းမှုများကြောင့် မအောင်မြင်သည့် CF စိုက်ခင်းများတစ်နိုင်ငံလုံး ဒုနှင့်ဒေးရှိနေပါကြောင်း၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောများအောင်မြင်လျှင် သစ်တောထွက် ပစ္စည်းများကို သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲခွင့်ရမည် ဖြစ်သကဲ့သို့ ဝင်ငွေနှင့်အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းများကြောင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးဒဏ်ခံစားရမှုများ လျော့နည်းသက်သာလာမည်ဖြစ်သကဲ့သို့ ဇီဝမျိုးစုံကြွယ်ဝသည့် ဂေဟစနစ်ပြန်လည်ရရှိမှု စသည့်အကျိုးတရားများကို ရရှိစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သစ်တောဦးစီးဌာနအနေဖြင့် CF စိုက်ခင်းများ လာလျောက်ပြီဆိုကတည်းက မျိုးစေနှင့်အပင် ပံ့ပိုးကူညီမှုကိုမည်ကဲ့သို့ ကူညီပေးမည်နည်း၊ နည်းပညာအကူအညီများ မည်ကဲ့သို့ပေးမည်နည်း၊ ဒေသနှင့်ကိုက်ညီမှုရှိ/မရှိ၊ ဒေသခံပြည်သူများ ဟုတ်/မဟုတ်၊ နောက်ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်နှင့်တစ်နိုင်တစ်ပိုင် လုပ်ငန်းများဖြစ်လာရန် မည်ကဲ့သို့ အကူအညီများ ပေးသွားနိုင်မည်နည်း၊ ချေးငွေအကူအညီ ပေးနိုင်ခြင်းရှိ/မရှိ စနစ်ကျသည့် အကူအညီပေးမှုများ လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်မှ ယနေ့အချိန်အထိ မည်သူတစ်ဦးတစ်ယောက်က ၎င်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း ရှိ/မရှိပြန်လည် စိစစ်ရန် လိုအပ်နေပါကြောင်း၊ ကျူးလွန်မှုများရှိခဲ့လျှင်လည်း ညွှန်ကြားချက်အပိုဒ် ၁၈ တွင် ဖော်ပြထားသကဲ့သို့ အသုံးပြုသူများအဖွဲ့သည် တည်ဆဲသစ်တောဥပဒေနှင့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းများတွေ့ရှိပါက ခရိုင်သစ်တောအရာရှိသည် တိုင်းဒေသကြီး/ပြည်နယ် သစ်တောအရာရှိ၏ သဘောတူခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်လက်မှတ်ကို ပြန်လည်ရုပ်သိမ်း နိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ နှစ် ၃၀ လုပ်စားပိုင်ခွင့် ရထားခြင်းကြောင့် မြေဦးချင်သူများ ဟန်ပြ CF စိုက်ခင်းတည်ထောင်ပြီး တစ်လွဲလုပ်မည့် သူများအတွက် သည်းခြေကြိုက်ဖြစ်နေပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်းများအား စနစ်တကျအားပေးကူညီ ဆောင်ရွက်သွားရန် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေများအား ပြန်လည် စိစစ်ရန်နှင့်တားမြစ်ချက်များ ဖောက်ဖျက်ကျူးလွန်မှုများရှိက လုပ်ပိုင်ခွင့်ပြန်လည် ရုပ်သိမ်းသွားရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။