(ဂ)-နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်ကို သတ္တုတွင်းနယ်မြေဟု အငြင်းပွားမှုများ ရှိနေပါသဖြင့် မြေပုံနှင့် တိကျသောပြန်တမ်း အမိန့်ကြေညာစာအပါအဝင် ပိုင်ဆိုင်မှုအထောက်အထားများရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
၁၀-၇-၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၉၀၇ ခုနှစ်၊ မြို့ပြအက်ဥပဒေ ပုဒ်မ ၄ အရ ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် နမ္မတူမြို့ကို နမ္မတူရပ်ကွက်၊ ပန်ဟိုက် ရပ်ကွက်ဆိုပြီး သတ်မှတ်ထားပါကြောင်း၊ ၁၅-၁၀-၁၉၈၄ ခုနှစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာန၏ အမိန့်ကြေညာစာတွင် ၎င်းရပ်ကွက်၂ခုလုံးသည် နမ္မတူမြို့ စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ပါဝင်သည့် ရပ်ကွက်များဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ နမ္မတူရပ်ကွက်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းနှင့်တွင်းထွက်သတ္တုတူးဖော်ရေးလုပ်ငန်း မှ သတ္တုတွင်းပိုင်မြေအဖြစ် သတ်မှတ် ပြောဆိုသည့်အတွက် မြေပြင်အငြင်းပွားမှုများရှိနေပါကြောင်း၊ အဆိုပါအငြင်းပွားမှုရှိနေသည့်ရပ်ကွက်တွင် မြေလွတ်၊ မြေလပ်များရှိနေခြင်း၊ ဌာနမှပိုင်ဆိုင်သည့် ဝန်ထမ်းအိမ်ရာများတွင် တခြားဌာနမှဝန်ထမ်းများ ငှားရမ်းနေထိုင်ခြင်း၊ လူမနေသည့် အတွက် ချုံနွယ် ပိတ်ပေါင်းများနှင့် ယိုယွင်းစပြုနေသည့် အရာထမ်းအိမ်ရာများလည်း မြောက်မြားစွာရှိနေပါကြောင်း၊ အဆိုပါရပ်ကွက်တွင် ကာလကြာရှည်စွာ နေထိုင်ကြသည့် သတ္တုတွင်းဝန်ထမ်းဟောင်းများနှင့် ဌာန ဆိုင်ရာမှ အငြိမ်းစားဝန်ထမ်းများကို ကျူးကျော်အဖြစ် သတ်မှတ်လျက်ရှိနေခြင်း၊ နမ္မတူမြို့နယ်အတွင်း ရုံးအပိုင်မရှိသေးသောဌာနများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များချမှတ်ပေးပြီးသော်လည်း သတ္တု တွင်းဌာနမှ ၎င်းတို့ပိုင်မြေဖြစ်သည်ဟုဆိုပြီး ကန့်ကွက်နေသည့်အတွက်ကြောင့် ရုံးများဆောက်လုပ်ရန် အတွက် အခက်အခဲများရှိနေခြင်း၊ ယခုလို အငြင်းပွားမှုများရှိနေသည့်အတွက်ကြောင့် နမ္မတူ သတ္တုတွင်း ကို မြေပြင်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မေးမြန်းသည့်အခါ သတ္တုတွင်းဌာနမှ ရေးဆွဲထား သော မြေပုံများသာရှိပြီး နိုင်ငံတော်မှ ချမှတ်ပေးသော လားရာများ၊ နယ်နိမိတ်သတ်မှတ်ချက်များ တိကျစွာပါဝင်သည့် ပြန်တမ်းများမရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် နမ္မတူမြို့နယ် လယ်ယာ မြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနများတွင် သတ္တုတွင်း ပိုင်ဆိုင်သည့်မြေနှင့်ပတ်သက်၍ မည်သည့် ထောက်ထားမှာမရှိသလို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများတွင်လည်း မည်သည့်မှတ်တမ်း မှတ်ရာများမှ မရှိတော့သည်ကိုလည်း တွေ့ရပါကြောင်း၊ ဌာန၏လုပ်ငန်းစဉ်တွင် သတ္တုတွင်းလုပ်ကွက် များ တည်ရှိရာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်ဟု ပါရှိထားပါကြောင်း၊ သို့သော်ဌာနနှင့် ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီ လီမိတက်တို့၏ သဘောတူစာချုပ်ချုပ်ဆိုထားသည့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများသည် နမ္မတူမြို့၏ မြို့ပြနှင့်တူနေသည့်အခုအခြေအနေကို ကြည့်ခြင်း အားဖြင့် လုပ်ငန်း၏တိုးတက်မှုကို ခန့်မှန်းနိုင်မည်ဖြစ်ပါကြောင်း၊ ဌာန၏မူဝါဒမှာ ဓာတ်သတ္တု၊ သယံဇာတများ ထုတ်လုပ်မှုကြောင့် ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းပျက်စီးမှု အနည်းဆုံးဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ပျက်စီးသွားသည်များကို ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်ရန် နှင့် သတ္တုတွင်းလုပ်ငန်းများ လုပ်ကွက်ပိတ်သိမ်းပါက အများပြည်သူ ပြန်လည်အသုံးပြုနေထိုင်သည့် ပတ်ဝန်းကျင်အဖြစ် ပြန်လည်ထူထောင်ရေးတို့ပါရှိထားပါကြောင်း၊ နမ္မတူမြို့တွင် ဌာန၏ မူဝါဒ လုပ်ငန်းစဉ်များနှင့် ကွဲလွဲစွာဆောင်ရွက်နေသည့်အတွက်ကြောင့် ၎င်းမြေများကို ဌာနမှ စွန့်လွှတ်ရန် လိုအပ်နေပါကြောင်း ထို့ကြောင့် ၎င်းဌာနမှနေပြီး မြေအကျယ် အဝန်း၊ ဧရိယာဧက၊ အတိအကျပါရှိသော တရားဝင်အသိအမှတ်ပြုထုတ်ပြန်ထားသည့် မြေပုံနှင့် တိကျသောပြန်တမ်း၊ အမိန့်ကြော်ငြာစာအပါအဝင် ပိုင်ဆိုင်မှုအထောက်အထားများရှိ/မရှိ နှင့် အထောက်အထားရှိပါက မည်သည့်အတွက်ကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြန်တမ်းပေးရန်ရှိ/မရှိ နှင့် အထောက်အထားမရှိပါကလည်း မြို့အင်္ဂါရပ်နှင့်အညီ ဝန်ထမ်းအိမ်ရာ များနှင့် မြို့မြေကွက်များအဖြစ် ဖော်ထုတ်ချမှတ်ပေး နိုင်ခြင်းရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါ သည်။