(က)-လွှတ်တော်ကိုယ်စားလှယ် ရုံးများကို မည်သည့်ကာလတွင် စတင်ဖွင့်လှစ်ပေးမည်၊ နေရာ ထိုင်ခင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များအား လွှတ်တော်ရုံးမှ ကျခံဆောင်ရွက်ပေးရန် မည်သို့ စီမံထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၆၄ တွင် လွှတ်တော်သည် လိုအပ်သောမြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်တည်ထောင်ခွင့်ပေးနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊   ပုဒ်မ ၆၅ တွင် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို လွှတ်တော်က တာဝန်ယူဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးမီ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအစီအစဉ်ဖြင့် ဖွင့်လှစ်လိုပါက နေရာထိုင်ခင်း၊ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကျခံ၍ လွှတ်တော်ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်နိုင်သည်လို့ ဖော်ပြထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရန်ဖြစ်ဖြစ်၊ ဌာနဆိုင်ရာများနှင့် ရုံးလုပ်ငန်းသဘော ဆောင်ရွက်ရန်ဖြစ်ဖြစ်၊ လွှတ်တော်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ဖြစ် ရုံးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ရန်အမှန် လိုအပ်လျက်ရှိပါကြောင်း၊ အချို့တတ်နိုင်သည့် ကိုယ်စားလှယ်များက ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကို မိမိဘာသာကျခံပြီး လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်နိုင်ခဲ့ကြသော်လည်း အချို့ကိုယ်စားလှယ်များက ရုံးဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်းမရှိ သေးပါကြောင်း၊ မြို့နယ်တစ်ခုတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်များစုပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ်များရုံးဆိုပြီး ဖွင့်လှစ်ထားခြင်းမျိုးလည်း ရှိပါကြောင်း၊ ပါတီတူညီကြလျှင် ညှိနှိုင်းဆောင်ရွက်ရသည်မှာ အဆင်ပြေသော်လည်း ပါတီမတူလျှင် ရုံးလုပ်ငန်းကုန်ကျစရိတ်အတွက် အဆင်မပြေမှုများစွာ ကြုံတွေ့ကြရပါကြောင်း၊ ကိုယ်စားလှယ်များ လွှတ်တော်တက်နေစဉ် ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများက အခက်အခဲများ တင်ပြရန်ဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ဖြစ်၊ ဌာနဆိုင်ရာများနှင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားနိုင်သည့် ကိုယ်စားလှယ်များအတွက် အခက်အခဲမရှိသော်လည်း ရုံးခန်းမရှိသေးသည့် ကိုယ်စားလှယ်များအတွက် လိုအပ်ချက်များ ရှိနေပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို တစ်ပြေးညီဖွင့်လှစ်ပြီး ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လွှတ်တော်ရုံးကနေ နေရာထိုင်ခင်း၊ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကို ကျခံပြီး လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို လွှတ်တော်ကမည်သည့်ကာလတွင် စတင်ပြီးတာဝန်ယူဖွင့်လှစ် ပေးနိုင်မည်ကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် ရုံးများ၏ နေရာထိုင်ခင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များအား လွှတ်တော်ရုံးက ကျခံဆောင်ရွက်ပေးရန် သော်လည်းကောင်း မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။