(ဂ)-ကလေးမြို့နယ်တွင် အိမ်သုံးမီတာဘောက်စ်များ လုံလောက်စွာ ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့မြို့နယ်၏ လျှပ်စစ်သမိုင်းကိုတင်ပြရလျှင် ၁၉၅၅ ခုနှစ်တွင် ကလေးဝမြို့နယ်၊ သစ်ခြောက်၊ ကျောက်မီးသွေးမိုင်းမှတစ်ဆင့် လျှပ်စစ်မီးအချိန်ပိုင်း စတင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် ဒီဇယ်အင်ဂျင်ဖြင့် အချိန်ပိုင်းမီးလင်းပေးခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ဇီးချောင်းရေအား လျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သော်လည်း အစပိုင်းတွင် လျှပ်စစ်မီးထွက်ခဲ့ပြီး နောက်ပိုင်း စက်ရုံမလည်ပတ်နိုင်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် စက်တပ်ဆင်အင်အား ၄ မီဂါဝပ်ရှိသည့် လျှပ်စစ်ကို ထပ်မံအကောင်အထည်ဖော်ခဲ့ပြီး ၎င်းရေအားလျှပ်စစ်စက်ရုံကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ သော်လည်း ယခုချိန်ထိ လျှပ်စစ်မီးထွက်တာမရှိပါကြောင်း၊ နောက်ပိုင်း ဆည်အတွင်း နုန်းဝင်ရောက်မှု အခြေအနေကြောင့် စွမ်းအားပြည့်ဓာတ်အားရရှိရန် မျှော်လင့်စရာလည်းမရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် 66 KV မဟာဓာတ်အားလိုင်းရောက်ရှိခဲ့သဖြင့် ၁၉၅၅ ခုနှစ်မှ လက်ရှိအချိန်ထိ မီတာဘောက်စ်တပ်ဆင်ပြီး အခြေနေက ၁၀၆၆၃ လုံးတပ်ဆင်ပြီးဖြစ်ပါကြောင်း၊ တစ်မြို့လုံးလျှောက်ထားသူဦးရေထဲကမှ ၇၅၁၄ ဦး၏ လျှောက်ထားမှုကို ချထားပေးနိုင်မှု မရှိသည်ကို ဌာနကတစ်ဆင့် စုံစမ်းသိရှိရပါကြောင်း၊
မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေအရ သိရှိနားလည်ထားသည့် အလျောက် အခြားသူများနှင့် တန်းတူညီမျှရရှိရေးအတွက် ကိုယ်ကိုယ်တိုင်လည်း လုံလောက်သည့် အားထုတ်မှု လိုအပ်သည်ကို သိရှိနားလည်ထားကြခြင်းကြောင့် Transformer ချထားမှုဆိုလျှင် တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များအတွက် ၂၅ လုံး၊ အခြားဌာနများအတွက် ၁၈ လုံး၊ ဌာနမှမြို့နယ်လူထုအတွက် တပ်ဆင်ပေးခဲ့သည့် Transformer ၇၆ လုံးတွင် ၄၁ လုံးသည် မြို့နယ်လူထုက ကိုယ်ထူကိုယ်ထ တပ်ဆင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အလားတူ ၄၀၀ ဗို့အားလိုင်းကိုလည်း ဌာနက ၃.၉၅ မိုင် သွယ်တန်းပေးခဲ့ပြီး အခြားကျန်ရှိသည့် တပ်ဆင်ပြီး ၄၀၀ ဗို့အားလိုင်းအားလုံးကို မြို့လူထုက သွယ်တန်းထားခဲ့ခြင်း ဖြစ်ပါကြောင်း၊
လူနေမှုအဆင့်အတန်း မြင့်မားလာဖို့လျှင် လျှပ်စစ်မီးမရှိမဖြစ် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မီတာဘောက်စ် လျှောက်ထားပြီးသူ အားလုံးသည် အိမ်တွင်းမီးလိုင်းများကို ဌာနကအသိအမှတ် ပြုထားသည့် ကျွမ်းကျင်သူများဖြင့် အဆင်သင့်ရိုက်ထားပြီးကြပါပြီဖြစ်ပါကြောင်း၊ ၄၀၀ ဗို့အားလိုင်းများလည်း အဆင်သင့်သွယ်တန်းထားပြီး ဖြစ်သကဲ့သို့ ဌာနမှသတ်မှတ်ထားသည့် ၄၀၀ ဗို့အားလိုင်းမှ ပေ ၃၀၀ အတွင်းတွင်လည်း ရှိကြပါကြောင်း၊ မိမိတို့မြို့ကို ရောက်ရှိလာသည့် 66 KV ဓာတ်အားလိုင်းမှ နှစ်မိုင်အတွင်းရှိ ကျေးရွာများကိုလည်း စီမံကိန်းအရ မကြာခင်ဓာတ်အားပေး မည်ဖြစ်၍ မီတာဘောက်စ်လိုအပ်ချက်က ပိုပြီးကြီးမားလာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိသော်လည်း မီတာဘောက်စ်များ လုံလောက်စွာ မရရှိခြင်းကြောင့် ကလေးမြို့ပြည်သူပြည်သားများ အခက်အခဲဖြစ်နေမှုများ ပပျောက်သွားစေရန်အတွက် မီတာဘောက်စ်များ လုံလောက်စွာချာထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။