(စ)-လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့သွားသည့် ပြည်ထောင်စုကားလမ်းအပိုင်း B.O.T စနစ်ဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ခေါက်နွဲ့တောင် အတက်အဆင်း ကားလမ်းပိုင်းအား လမ်းအူကြောင်းအသစ် ရှာဖွေတည်ဆောက်ခြင်း အစီအစဉ်များရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့သွားသည့် မော်တော်ကားလမ်း အပိုင်းဖြစ်သည့် လွိုင်လင်မြို့နှင့်မိုင်းပွန် ဒေသအပိုင်းတွင်ရှိသည့် ခေါက်နွဲ့တောင်အတက် အဆင်းလမ်းသည် အကွေ့အကောက် အန္တရာယ်ကွေ့များခြင်း၊ မိုးဥတုရာသီကာလများတွင် မိုးရွာသွန်းမှုများပြီး သဘာဝဘေးအန္တရာယ်များကြောင့် မော်တော်ကားလမ်း အောက်ခံမြေများ ပြိုကျခြင်း၊ ကတ္တရာလမ်းသားများ အက်ကြောင်းရာများ ဖြစ်ပေါ်ပြီး ကတ္တရာလမ်းသားများပဲ့ကျ၊ ပြိုကျခြင်း၊ ခေါက်နွဲ့တောင်အမြင့်ပိုင်းမှ မြေသားများ၊ ကျောက်စိုင်ကျောက်တုံးကြီးများ ကတ္တရာလမ်းပေါ် ပြိုကျပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရဘဲလမ်းကြောင်း ပိတ်ဆို့မှုများဖြင့် ခရီးလမ်းအခြေအနေ ကြန့်ကြာခြင်းများ ဖြစ်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာလမ်းဦးစီး ဌာနမှလည်း လမ်းပိတ်ဆို့မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေါက်နွဲ့တောင်အတက်အဆင်း ကတ္တရာလမ်းပိုင်းအား လမ်းအူကြောင်းအသစ်ရှာဖွေခြင်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတင်ပြီး အချိန်ကာလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကွင်းဆင်းလေ့လာမှုများ ပြုခဲ့ပါကြောင်း၊ လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့ ဆက်သွယ်သွားသည့် မော်တော်ယာဉ် လမ်းအပိုင်းအား B.O.T စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအချိန်အခါ မော်တော်ယာဉ်ကြီး/ငယ်များ သွားလာအသုံးပြုမှု မြင့်မားများပြားလျက်ရှိပြီး  မော်တော်ယာဉ်ကြီးများ ဖြစ်သည့် ၂၂ ဘီးယာဉ်များ အထူးအသုံးပြုမှု များပြားသည့်အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှု၊ မတော်တဆဖြစ်မှုများလည်း ရှိကြောင်းပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့သွားသည့် ပြည်ထောင်စုကားလမ်းပိုင်း B.O.T စနစ်ဖြင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ခေါက်နွဲ့တောင်အတက်အဆင်း ကားလမ်းပိုင်း ပြုပြင်တည်ဆောက်မှု လမ်းအူကြောင်းအသစ်ရှာဖွေ တည်ဆောက်ခြင်းအစီအစဉ်များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။