(ဂ)-ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီ-ဥယျာဉ်ကျစ် ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မဲဇလီ-ဥယျာဉ်ကျစ်လမ်းပိုင်းသည် အရှည် ၁၆ မိုင်ရှိပြီး မင်းဘူး-စလင်း-ဆင်မကျွန်းလမ်းနှင်‌့ ပြည်ထောင်စုလမ်းမကြီးခေါ် ပုသိမ်-မုံရွာလမ်းမကြီးနှင်‌့  ဆက်သွယ်ထားသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် ပွင်‌့ဖြူမြို့နယ်အနောက်ဘက်ခြမ်းတစ်ခြမ်းလုံး ကုန်စည်စီးဆင်းမှုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် ရဟန်းရှင်လူ၊ ပြည်သူများအားကိုးအားထား သွားရသော လမ်းဖြစ်ပါကြောင်း၊ ပွင်‌့ဖြူမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော်ရှိသည်‌့အနက် ကျေးရွာပေါင်း ၅၀ ခန့်အသုံးပြုရသော လမ်းလည်းဖြစ်ပါကြောင်း၊ ထို့အတူ စေတုတ္တရာမြို့နယ်မှ ကျေးရွာပေါင်း ၆၀၀ ကလည်း ၎င်းလမ်းပိုင်းကိုသာအသုံးပြုပြီး ပွင်‌့ဖြူမြို့သို့ အဓိကထားသွားလာရသော လမ်းလည်းဖြစ်ပါကြောင်း၊

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပွင်‌့ဖြူမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် မဲဇလီ-ဥယျာဉ်ကျစ် မြေသားလမ်း ၁၄ မိုင်အား ငွေကျပ် ၅၆၁.၀၈၆ သန်းနှင်‌့ ကျောက်ချောလမ်း ၁၆ မိုင်အား ငွေကျပ် ၂၅၁.၀၂၈ သန်း စုစုပေါင်း ၈၁၂.၁၁၄ သန်းဖြင့် MYP ကုမ္ပဏီမှ တင်ဒါဆွဲပြီး ဆောင်ရွက်ခဲ့သော လမ်းလည်းဖြစ်ပါကြောင်း၊ ယခုလက်ရှိအခြေအနေတွင် လမ်းပိုင်းမှာပျက်စီးယိုယွင်းနေပြီး ဒေသခံပြည်သူများက ကျောက်ချောလမ်းမှ ကတ္တရာလမ်း အဆင်‌့မြှင်‌့လမ်းကို မျှော်လင့်တောင်းဆိုနေကြပါကြောင်း၊ ၎င်းလမ်းသည် ၂၀၁၄-၁၅  ဘတ်ဂျက် တွင် ကျေးလက်ဦးစီးဌာနက MYP ကုမ္ပဏီကို ၈၁၂.၁၁၄ သန်းဖြင်‌့ ဆောင်ရွက်သွားခဲ့သည့်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ပြန်လည်ပြင်ဆင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် မိမိ ကြယ်ပွင်‌့ မပြမေးခွန်း မေးမြန်းခဲ့ပါသော်လည်း အဆိုပါကုမ္ပဏီကိုဆက်သွယ်၍ မရသည့်အကြောင်း၊ ကုမ္ပဏီကို Black List သွင်းပြီး တင်ဒါစည်းမျဉ်းစည်းကမ်းနှင်‌့အညီ တရားစွဲဆိုမည် ဆိုသည့်အကြောင်း ဖြေကြားခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်ထိ မည်ကဲ့သို့အရေးယူထား သည်ကို မကြားသိရသေးပါကြောင်း၊

မဲဇလီ-ဥယျာဉ်ကျစ်ကျောက်ချောလမ်းသည် ပျက်စီးနေသည့်အတွက် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာသကဲ့သို့ မလိုအပ်ဘဲအချိန်ကုန်၊ ငွေကုန်ပြီး အခန့်မသင်‌့လျှင် ကားတိမ်း မှောက်မှု၊ ယာဉ်တိုက်မှုများကြုံ‌တွေ့ရတတ်ပါကြောင်း၊ နေ့စဉ် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများ သွားလာနေသော လမ်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးအတွက် ရဟန်းရှင်လူ၊ ပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရန် မဲဇလီ-ဥယျာဉ်ကျစ်ကျောက်ချော လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင်‌့တင်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည်‌့ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်နှင်‌့ မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။