(င)-တွံတေး-မအူပင်လမ်းမကြီး၊ လှိုင်သာယာ-တွံတေး ကားလမ်းမကြီးဆီသို့ မော်တော်ယာဉ်များဖြင့် တစ်ဆက်တည်း သွားလာနိုင်သည့် ဇီးဖြူကုန်းချောင်းကူးတံတား တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

တွံတေးမြို့မြောက်ပိုင်း တောက်လျှောက်သည် ရေနက်ကွင်းဖြစ်ပြီး ယခင်ကဆိုလျှင် နှစ်တိုင်းရေလွှမ်း ပါကြောင်း၊ ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော်မှ ရွှေသူဌေးတာကြီး ဖောက်လုပ်ပေးသည့်အတွက် ရေမြှုပ်သည့်ဘေးမှ ကာကွယ်နိုင်ခဲ့သသည့်အတွက် သွားလာရေး အဆင်ပြေသွားပါကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ၎င်းတာကြီးကို လုံခြုံရေးအခြေအနေအရ ပိတ်လိုက်သည့်အတွက် ဒေသခံများပြန်လည်၍ အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ ယခုအခါ ကြည့်မြင်တိုင်နှင့် လှိုင်သာယာကြားက မြို့ကိုလည်း ရန်ကုန်မြို့သစ်တည်မည်ဆိုပါက မကြာခင် ဖွံ့ဖြိုးလာမည့်ဖြစ်သော်လည်း ဇီးဖြူကုန်းနားတစ်ဝိုက်ရှိ ရွာအကုန်လုံးမှ ပေးကားပေး၏မရ ပုံစံဖြစ်နေပါကြောင်း၊ ထို့အပြင် ဇီးဖြူကုန်းချောင်းကြီးက ခြားနေ သည့် အတွက် ၎င်းနားနေထိုင်သည့် လူများအတွက် သွားလာရေး အခက်ခဲပြီး ကျန်းမာရေး၊ ပညာရေး အခက်အခဲများစွာ ရှိနေပါကြောင်း၊ ဇီးဖြူကုန်းပတ်ဝန်းကျင်တစ်ဝိုက်တွင် တူးဖော်ထားသည့် ငါးကန်ဧကပေါင်း ၃၇၀၀၀ ခန့်သည် တွံတေးမြို့နယ်၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပါကြောင်း၊ ဇီးဖြူကုန်းချောင်းကို တံတားဆောက်လုပ်နိုင်မည်ဆိုပါက ပတ်ဝန်ကျင်ဒေသရှိ လူများသည် ၎င်းတံတားမှ ကားနှင့်ကူးပြီး မအူပင်သို့ တိုက်ရိုက် အမြန်သွားနိုင်မည်ဖြစ်ပါကြောင်း၊  ယခုအခါ မအူပင်သို့သွားလိုပါက သဝင်းတောလမ်းမှ ပတ်ပြီးသွားနေရသည့်အတွက် ဝေးနေပါကြောင်း၊ ထို့ကြောင့် ဇီးဖြူကုန်းတံတား တည်ဆောက်ပေးနိုင်မည်ဆိုပါက ကျေးရွာအုပ်စုပေါင်းအားလုံး တံခွန်တိုင်၊ အဒွန်း၊ ခတ္တိယ၊ ဇီးဖြူကုန်း တို့တွင် တံခွန်တိုင်ရွာတွင် ရွာလေးရွာ၊ အဒွန်းတွင်  ရွာလေးရွာ၊ ခတ္တိယတွင် ရွာလေးရွာ၊ ဇီးဖြူကုန်းတွင် ရွာခြောက်ရွာ၊ လူဦးရေ စုစုပေါင်း ၁၅၀၀၀ အဆင်ပြေပြီး ၎င်းတို့၏ဒေသထွက်ကုန် ကို အလွယ်တကူ တင်ပို့နိုင်ပြီး၊ ကျန်းမာရေး ကိစ္စကလည်း အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးပိုင်းတွင်လည်း ကျောင်းသား များသည် တွံတေးမြို့ကိုနေ့ချင်းပြန် ကျောင်းတက်နိုင်မည်ဖြစ်သည့်အတွက် တွံတေး-မအူပင် လမ်းမကြီး၊ လှိုင်သာယာ-တွံတေး ကားလမ်းမကြီးကို မော်တော်ယာဉ်များဖြင့် တစ်ဆက်တည်းသွားလာနိုင်သည့် ဇီးဖြူကုန်းချောင်းကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။