(က)-မြို့ပြများစနစ်တကျရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်၊ နေထိုင်မှုအဆင့်မြင့်မားစေရန်နှင့် အခြေခံ အဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် ရေဦးမြို့မြို့ပြစီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်သည် ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအရ ဧရိယာအားဖြင့်  ၁၄၄၄.၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မူးမြစ်ကမ်းဘေးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက် ငါး ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၆၂ အုပ်စု တည်ရှိပါကြောင်း၊ လူဦးရေစုစုပေါင်း တစ်သိန်းကျော် ရှိပြီး အိမ်ထောင်စုပေါင်း ၂၆၃၇၃ အိမ်ထောင်စုရှိပါကြောင်း၊ ရေဦးမြို့နယ်သည် ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့ကြီးများကို ကားလမ်းသာ အဓိကအသုံးပြု သွားလာကြပါကြောင်း၊ အဝေးပြေးကား အသင်းပေါင်း ၂၃ သင်းပြေးဆွဲလျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်ပြီး စိုက်ပျိုးရေးထွက်ကုန် ဆန်၊ စပါးနှင့် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းဝယ်ခြင်း၊ တင်ပို့ခြင်းလုပ်ငန်း များကို လုပ်ကိုင်ကြပါကြောင်း၊ အနီးပတ်ဝန်းကျင်မြို့နယ်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုအားကောင်း သော မြို့တစ်မြို့ဖြစ်ပါကြောင်း၊

ကျန်းမာရေးအနေဖြင့် ကုတင် ၁၀၀ ဆံံ့ဆေးရုံတစ်ရုံတည်ရှိပြီး ပုဂ္ဂလိကဆေးရုံများလည်း ထားရှိ ခြင်းကြောင့် အနီးပတ်ဝန်းကျင်မြို့များမှ ကျန်းမာရေးကိုအားကိုးအားထားပြုကာ ဆေးကုသမှု ခံယူကြရပါကြောင်း၊ ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံကိုလည်း ဖွင့်လှစ်ရန်ဆောက်လုပ်ပြီး ဖြစ်ပါကြောင်း၊ ပညာရေးအနေအားဖြင့် မြို့ပေါ်တွင် အ.ထ.က နှစ်ကျောင်းတည်ရှိပြီး ကိုယ်ပိုင် အထက်တန်းအဆင့်သင်ကျောင်း ၁၇ ကျောင်းနှင့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ၄၆ ကျောင်း တည်ရှိပါကြောင်း၊ ရေဦးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူဦးရေ ၂၅၀၀၀ ကျော် ပညာ သင်ကြားလျက်ရှိနေပြီး ‌ရေဦးမြို့တွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းအရေအတွက် အလွန်များပြား ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်ချက်ရာခိုင်နှုန်းအားဖြင့် နှစ်စဉ်လိုလို ပထမရရှိခဲ့ပြီး ရေဦးမြို့တွင်လာရောက်ပညာသင်ကြားနေသော အနယ်နယ် အရပ်ရပ် မှ ကျောင်းသားကျောင်းသူအရေအတွက်လည်း ပိုမိုများပြားလာပါကြောင်း၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း ကြောင့် မြို့ပြဖွံ့ဖြိုးမှုပိုမိုအားကောင်းလာရပါကြောင်း၊ မြို့ပြဖွံ့ဖြိုးလာသည်နှင့်အမျှ ကျေးလက်မှ ပြည်သူများ မြို့ပေါ်တွင်အခြေချနေထိုင်လာခြင်း၊ လူနေအိမ်ခြေများ တိုးချဲ့ဆောက်လုပ်လာခြင်း၊ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်လာခြင်းတို့ကြောင့် မြေနေရာအလွတ်များကို ဖြစ်သလို တိုးချဲ့နေထိုင်လုပ်ကိုင် လာကြပါကြောင်း၊ မြို့ပေါ်လမ်းများနှင့် ယာဉ်သွားယာဉ်လာများမှာလည်း ပိုပိုကြပ်တည်းလာသည်ကို တွေ့ရှိရပါကြောင်း၊

ရေဦးမြို့ပေါ်ငါးရပ်ကွက်တွင် တိုးချဲ့ရန်မြေနေရာ သတ်သတ်မှတ်မှတ်မရှိသော်လည်း မြို့နှင့် ဆက်စပ်လျက်ရှိသော လယ်မြေများကိုပါ တိုးချဲ့ဆောက်လုပ်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ မြေနေရာ ဦးမှုများလည်း တည်ရှိလာပါကြောင်း၊ လုပ်ငန်းများ လိုအပ်ချက်အရ တိုးချဲ့လုပ်ကိုင် လာကြသော်လည်း စနစ်တကျတည်ဆောက်နိုင်ခြင်းမရှိဘဲ မြို့ပတ်ဝန်းကျင်ရှိ လယ်မြေကွက် များကို ဖြစ်သလိုချဲ့ထွင်တည်ဆောက်လုပ်ကိုင်လာကြခြင်း ဖြစ်ပါကြောင်း၊ ပြုပြင်၍မရနိုင်သော အလွဲအမှားများမဖြစ်စေရန်၊ စနစ်တကျရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန်သောမြို့ပြ လူနေမှုပုံစံများ ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် မြို့ပြလူနေမှု စနစ် တကျရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူနေထိုင်မှုပုံစံများအဆင့်မြင့်မားစေရန်နှင့် အခြေခံ အဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေဦးမြို့ပြစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ဖော်ဆောင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။