(ခ)-အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများအား စာမေးပွဲကာလတွင် ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်မပြုဘဲ စာမေးပွဲကာလ ပြီးဆုံးမှ ခံစားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

အခြေခံပညာသင်ကြားရေးဝန်ထမ်း ဆရာ၊ဆရာမများနှင့်ကျောင်းအုပ်ကြီးများသည် နွေရာသီပိတ်ရက် ရှည်ခံစားခွင့်ရှိသူများဖြစ်၍ လုပ်သက်ခံစားခွင့်မရရှိခဲ့သကဲ့သို့ ပင်စင်မယူမီကြိုတင်ပြင်ဆင်ခွင့် ခံစားခွင့် မရှိခဲ့ကြသူများလည်း ဖြစ်ကြပါကြောင်း၊ ယခုအခါ ဆရာ၊ဆရာမများသည် နွေရာသီပိတ်ရက်တွင် လည်း အဖြေလွှာစိစစ်ခြင်းလုပ်ငန်းများ၊ သင်တန်းကိစ္စရပ်များ၊ ကျောင်းဖွင့်ရန်ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ပုံမှန်နီးပါးရှိကြသည့်အပြင် နိုင်ငံတော်၏အရေးကြီးကိစ္စရပ်များ စီမံကိန်း၊ စီမံချက် လုပ်ငန်းများကိုလည်း တာဝန်ထမ်းဆောင်နေရသူများ ဖြစ်ကြပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း(၈) အပိုဒ် ၈၁ အရ သက်ပြည့်ပင်စင်မယူမီ ကြိုတင်ပြင်ဆင်ခွင့် လေးလကို အခြားဝန်ထမ်းများ နည်းတူ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများအား ခံစားခွင့်ပြုကြောင်း ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၁၈/၂၀၁၇)အရ ဆုံးဖြတ်ပေးခဲ့ပြီး အခြေခံပညာဦးစီးဌာန၏ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ရက်စွဲပါစာအမှတ်၊ ဌာနခွဲ(၁-ဃ)/၁၈၉၈၃/စီမံ(ပင်စင်)-၁၇ ဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အခြားဝန်ထမ်းများနည်းတူ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ ခံစားခွင့်ရရှိ၍ ဝမ်းသာရမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ကြိုတင်ပြင်ဆင်ခွင့်ပြုသည့် ဆရာ၊ဆရာမများ နေရာတွင် ချက်ချင်းအစားခန့်ထားနိုင်ခြင်းမရှိပါက သင်ကြားရေးအခက်အခဲရှိမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကြိုတင်ပြင်ဆင် ခွင့်ပေးရသည့် ဆရာဆရာမများနေရာတွင် ချက်ချင်းအစားထိုးခန့်ထားနိုင်ခြင်းမရှိပါက ဘာသာပြ ဆရာအလုံအလောက်ခန့်ထားနိုင်ခြင်းမရှိသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ အခြေခံ ပညာအထက်တန်းကျောင်းများရှိ အစိုးရစစ်စာမေးပွဲများကို ဖြေဆိုကြရမည့် ကျောင်းသူ၊ကျောင်းသား များအတွက် များစွာအခက်အခဲကြုံတွေ့ကြရမည် ဖြစ်ပါကြောင်း၊ ဤကာလတွင် ချက်ချင်း လူစားခန့် ထားနိုင်ရန်မှာလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ပေးပို့နိုင်မည်မဟုတ်ပါကြောင်း၊ ဤသို့သော အခက်အခဲများကြောင့် ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကြိုတင် ပြင်ဆင်ခွင့်ပေးရသည့် ဆရာ၊ဆရာမများအား ကျောင်းသား၊ကျောင်းသူများ၏ ပညာသင်ကြားရေး အရှိန်အဟုန်မပြတ်စေရေးနှင့် အခက်အခဲမဖြစ်စေရေး၊ ဆရာဆရာမများ၏စာမေးပွဲလုပ်ငန်းများကို ပြီးပြတ်ရန်ဆောင် ရွက်နိုင်စေရေးတို့အတွက် တောင်းခံလာသောကြိုတင်ပြင်ဆင်ခွင့်ကို ဌာနလိုအပ် ချက်အရ ငြင်းပယ်၍ ငြင်းပယ်ခံရသည့်ကာလကို ဝန်ထမ်းမနစ်နာစေရန် Default Leave ပေးနိုင်ပါက ဆရာနှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ စာမေးပွဲကာလနှင့်နီးကပ်သော ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကြိုတင်ပြင်ဆင်ခွင့်ပေးရမည့် အခြေခံပညာအထက်တန်းကျောင်းအုပ်များနှင့် ဆရာ၊ဆရာမများအား ကျောင်းသား၊ကျောင်းသူများအတွက် ပညာသင်ကြားရေးအဆင်ပြေစေရန် တောင်းခံလာသော ဆရာ၊ ဆရာမများ၏ကြိုတင်ပြင်ဆင်ခွင့်ကို ဌာနလိုအပ်ချက်အရ ငြင်းပယ်၍ ငြင်းပယ်ခံရသည့်ကာလကို ဝန်ထမ်းမနစ်နာစေရန် Default Leave ပေးနိုင်မည့်အစီအစဉ်တစ်ရပ် ဆောင်ရွက်ပေးနိုင်ရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။