(ခ)-မြန်မာနိုင်ငံရဲဘက် အကျဉ်းစခန်းများရှိအကျဉ်း သားများ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးသိန်းညွန့် (သင်္ဃန်းကျွန်း) မိမိအနေဖြင့် နောင်ချိုမြို့နယ်၊ ကော်ဖီစိုက်ပျိုးရေးနှင့် မွေးမြူရေးစခန်းတွင် ရဲဘက်အဖြစ်လုပ်ကိုင်ခဲ့သော အောင်စိုး ခေါ် ထူးကျော် မှ ရဲဘက်စခန်းတွင် ၎င်းတို့ခံစားရသော ဒုက္ခအပြည့်အစုံကို စာတစ် စောင်ပေတစ်ဖွဲ့နှင့် ပေးပို့လာသည်ကိုလည်းကောင်း၊  ထို့ပြင် သြဂုတ်လ ၈ ရက် ၂၀၁၄ ခုနှစ်က Voice ဂျာနယ်တွင် ခင်စန်းနွယ်အမည်ရှိ ဆောင်းပါးရှင်က ရဲဘက်စခန်းများ၏ အခြေအနေဆိုးရွားမှုကို အသေးစိတ် ရေးသားဖော်ပြပြီး လွှတ်တော်အနေဖြင့်  ယင်းကိစ္စရပ်များအပေါ် လုပ်ပေးသင့်သည်များကို လုပ်ပေးသင့် ကြောင်း၊ မွန်ပြည်နယ်၊ တောင်စွန်းရဲဘက်စခန်းတွင် အကျဉ်းသားများ၏ နေထိုင်စားသောက်ရသော ဘဝများသည် လွန်စွာ ဆိုးရွားနေကြောင်းများကို Voice ဂျာနယ်တွင် ရေးသားခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရဲဘက်အကျဉ်းသားစခန်း မည်မျှရှိပြီး ရဲစခန်းများတွင် ရဲဘက်အရေ အတွက် မည်မျှရှိသည်။ ရဲဘက်စခန်းများ၌ အလုပ်ကြမ်းများလုပ်နေကြသော အကျဉ်းသားများကို အစာရေစာ မလုံလောက်မှု၊ ရေချိုးရန် အခက်အခဲရှိမှု၊ ဆေးကုသခွင့် အခက်အခဲရှိမှုတို့ကြောင့် ရဲဘက်စခန်း ဖွင့်သည့်အချိန်မှ ယနေ့အထိ ရဲဘက်စခန်း မသွားချင်သူများထံမှ ထောင်တာဝန်ခံနှင့် ထောင်ဆရာဝန် တို့မှ လာဘ်ပေးလာဘ်ယူမှုများ ရှိ/မရှိနှင့် ရှိပါက  မည်ကဲ့သို့အရေးယူပါသနည်း။ ရဲဘက်စခန်း အပို့ ခံရမှုများကို မည်သည့်စံသတ်မှတ်ချက်ဖြင့် ရွေးချယ်ပါမည်နည်း။ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်က ဖွင့်လှစ်သော ရဲဘက်စခန်းများသည် ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလနှင့် လူ့အခွင့်အရေးစံနှုန်းများအရ ပြုပြင်ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည်‌့အချိန်တွင် မည်သို့ဆောင်ရွက်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။