(စ)-ကျိုင်းတုံမြို့နယ်၊ ပန်လင်စံကျော်ရွာရှိ အ.ထ.ကကျောင်းခွဲတွင် လစ်လပ်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး၊ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ကျောင်းဆရာ၊ ဆရာမများ အမြန်ဆုံးခန့်ထားပေးနိုင်ခြင်းရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်လင်စံကျော်ရွာသည် ယခင်က အလယ်တန်းကျောင်းဖြစ် သည့်အတွက် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ လုံလုံလောက်လောက် ရှိခဲ့သော်လည်း၂၀၁၇-၁၈ ခုနှစ်ပညာသင်နှစ်တွင် အ.ထ.က ကျောင်း(ခွဲ) အဖြစ် တိုးမြှင့်လိုက်သဖြင့် ကျောင်းအုပ်ကြီးမှ ပြောင်းရွှေ့သွားရသည့်အတွက် ကျောင်းအုပ်နေရာ လစ်လပ်လျက် ရှိပါကြောင်း၊ လစ်လပ်လျက်ရှိသည့် ကျောင်းအုပ်နေရာတွင် ကျောင်းဆရာမတစ်ဦးကို ယာယီတာဝန်ထမ်းဆောင်စေသည့်အတွက်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပိုင်းတို့တွင် အားနည်းခဲ့ရ ပါကြောင်း၊ ထို့ကြောင်‌့ လစ်လပ်လျက်ရှိသည့် ကျောင်းအုပ်ဆရာကြီးနေရာကို အမြန်ဆုံးခန့်ထားပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းမေးခွန်းကို ပညာသင်နှစ်စတွင် မေးမြန်းရန် ပြင်ဆင် ထားခဲ့သော်လည်းဆရာ၊ ဆရာမများ ခန့်ထားပေးမည်ဟု ကြားသိရသည့်အတွက် စောင့်ဆိုင်းနေရသည့်အတွက် ယခုမှမေးမြန်းခြင်းဖြစ်ပါကြောင်း၊ မေးခွန်း တင်သွင်းသည့် အချိန်တွင် အထက်တန်းပြဆရာနှစ်ဦး၊ အလယ်တန်းပြဆရာ လေးဦး၊ မူလတန်းပြဆရာ သုံးဦး သာရှိသည်ဟု သိရပါကြောင်း၊ ယခုမေးခွန်းမေးသည့်အချိန်တွင် အလယ်တန်းပြဆရာ ရှစ်ဦးရှိပြီး တစ်ဦးမှ ရာထူးတိုးပြီး ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိနေပါကြောင်း၊ အထက်တန်းပြဆရာနှစ်ဦးသည် ၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းဆင်းသည့်အတွက် နှစ်ဝက်လောက်တွင် ဆရာဖြစ်သည့်အတွက် အထက်တန်း ကို သင်ကြား၍ မရသည့်အတွက် အလယ်တန်းပြ ဆရာတွေကို အထက်တန်းပြအဖြစ် တာဝန်ယူရသည့် သဖြင့် အလယ်တန်းပြဆရာများသည် ၎င်းတို့ သင်ကြားနေသည့် ဘာသာရပ်မဟုတ်သည့်အတွက် အခက်အခဲများစွာရှိသည့်အပြင် အထက်တန်းပြနေရာကို သွားသင်သည့် အခါမှာ အလယ်တန်းမှာလည်း ထပ်မံပြီးလစ်လပ်နေုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်  အဆင်မပြေ ဖြစ်ခဲ့ရပါကြောင်း၊ မိုင်းပန်အောက်၊ မိုင်းပန်အထက် နှင့် တောင်ပေါ်ငါးအုပ်စုတို့တွင်ရှိသည့် ကျောင်းသူ/ကျောင်းသားများသည် ပန်လင် အ.လ.က တွင် ကျောင်းတက်ပြီး အလယ်တန်း အောင်မြင်ပြီးသည့် အခါ မိုင်းခွန်၊ ဝမ်အွန်ကျောင်း(ခွဲ) ကျောင်း အ.ထ.က ကျောင်း၊  ကျိုင်းတုံ အ.ထ.က ကျောင်း တို့တွင် ကျောင်းပညာ ဆက်လက် သင်ကြားရန် အဆင်မပြေသည့်အတွက် ပညာရေးမှ ထွက်သွားခဲ့ရသည့်အတွက် အလယ်တန်းအဆင့်အောင်သည့် ကျောင်းသားများ အထက်တန်းပညာ သင်ကြားနိုင်ရန်အတွက် ရည်ရွယ်ပြီး ပန်လင်စံကျော် အ.ထ.က ကျောင်း(ခွဲ)ကို ဖွင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် ဆရာ၊ ဆရာမများ မလုံလောက်သည့်အတွက် မြို့ကြီးများတွင် ဘာသာစုံ၊ ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ ဂုဏ်ထူးများဖြင့် အောင်မြင်နေသည့် အချိန်တွင် ပန်လင် အ.ထ.က ကျောင်း(ခွဲ)မှာ ဆယ်တန်းအောင်ရန် မျှော်လင့်ချက်ကင်းဝေးနေသည့် အခြေအနေမျိုး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လစ်လပ်လျက်ရှိသည့်ကျောင်းအုပ်ကြီးရာထူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ၊ ဆရာမများ အမြန်ဆုံးခန့်ထားပေးနိုင်ခြင်းရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။