(ခ)-မှတ်ပုံတင်ခွင့်လယ်ယာမြေများနှင့်မှတ်ပုံတင်ပြီး လယ်ယာမြေများအားတရားဝင်ရောင်းချခွင့်၊ ပေါင်နှံ ခွင့်၊ငှားရမ်းခွင့်၊ပေးကမ်းခွင့်များကိုမည်သည့်အချိန် တွင်ဆောင်ရွက်ပေးနိုင်မည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

ဦးသိန်းထွန်း (ကျောင်းကုန်း) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာမြေမှတ်ပုံတင်ခွင့်ရရှိမှသာ တရားဝင်ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် များကိုဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေအခန်း (၃) ရှိ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများတွင် ပုဒ်မ(၉)၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်။ ပုဒ်မခွဲ(ခ) လယ်ယာမြေအားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ဟု ဖော်ပြထားရှိပါကြောင်း၊ တောင်သူလယ်သမား များအနေဖြင့် လယ်ယာမြေများကို မှတ်ပုံတင်ပြီးမှသာ ၎င်းအခွင့်အရေးများကို ရရှိမည်ဖြစ်ပြီး တချို့ တောင်သူများသည် မှတ်ပုံတင်မည့်လယ်ယာမြေများအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပြင်ပ တွင် ရောင်းဝယ်လျက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ လယ်ယာမြေများကို ဥပဒေအရ ဆောင်ရွက်ခြင်းမရှိသည့် အတွက် နောင်တွင် မြေယာပြဿနာများ များပြားစွာဖြစ်ပေါ်လာနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာများ ဆုံးရှုံးနစ်နာမှုများ ဖြစ်လာနိုင်ပါကြောင်း၊ တချို့တောင်သူများအနေဖြင့် မိမိတို့စားဝတ်နေ ရေးကြောင့် လည်းကောင်း၊ အချိန်အခါအရ တာဝန်ပေးစေခိုင်းမှုကြောင့်လည်းကောင်း၊ ဦးပိုင်မပေါက်သော မြေအမျိုးမျိုးတွင် မ/ပြေစာထွက်၍ နှစ်ကာလကြာရှည်စွာ စိုက်ပျိုးလုပ်ကိုင်နေကြသည်မှာ ဧက ပေါင်း မြောက်မြားစွာ ရှိကြသည်ကိုလည်း တွေ့ရှိနေရပါကြောင်း၊ ၎င်းမ/ပြေစာ ထွက်ရှိသည့်မြေများကိုလည်း တောင်သူများ လုပ်ကိုင်ခွင့်မြဲနိုင်ရန် ဦးပိုင်ပေါက်မြေများဖြစ်ရန် လိုအပ်ပါကြောင်း၊ ဦးပိုင်ပေါက်မြေ များဖြစ်မှသာ လယ်ယာမြေမှတ်ပုံတင်ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်၏စိုက်ပျိုးစရိတ် ချေးငွေများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ယနေ့အချိန်အထိ မှတ်ပုံတင်ပြီးသော လယ်ယာမြေဧကနှင့် တောင်သူဦးရေ၊ မှတ်ပုံတင် ရန်ကျန်သည့်ဧကနှင့် တောင်သူဦးရေကို သိရှိလိုပါကြောင်း၊ (၂) မှတ်ပုံတင်ပြီး လယ်ယာမြေများအား တရားဝင်ရောင်းချခွင့်နှင့် ပေါင်နှံခွင့်တို့အား မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း၊ (၃) နှစ်ကာလကျော်က တောင်သူများစိုက်ပျိုးခဲ့သည်ကို မ/ပြေစာထွက်မြေများအား ဦးပိုင်ပေါက်မြေများဖြင့် ဆောင်ရွက်ပေးနိုင်မှုအစီအစဉ်ရှိ/မရှိနှင့် မှတ်ပုံတင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။