(က)-ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေး လုပ်ငန်း တစ်ခုဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့် တင်နိုင် ရေးအတွက်စီမံချက်များရေးဆွဲကာ စီမံ ကိန်းတစ်ရပ်အဖြစ်အကောင်အထည်ဖော်ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေး ခွန်း
ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းသည် အဓိကစီးပွားရေး လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ထွက်ရှိသည့် ထုတ်ကုန်များကိုလည်း အိမ်နီးချင်းနိုင်ငံများသို့ အလွယ်တကူတင်ပို့ ရောင်းချနိုင်သည့် ဈေးကွက်လည်း နီးကပ်စွာတည်ရှိနေပါကြောင်း၊ ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်ပေး နိုင်မည်ဆိုပါက ပြည်နယ်အတွက်သာမက နိုင်ငံတော်၏စီးပွားရေးကိုပင် အထောက်အကူ ပြုနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စံပြသားဖောက်လုပ်ငန်းစခန်းများ၊ စံပြမွေးမြူရေးစခန်းများ၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးပြီး မွေးမြူရေးလုပ်ကိုင်သူများကို သင်တန်းပေးခြင်း၊ ပညာပေးခြင်း၊ နည်းပညာအကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ကူညီထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ တိရစ္ဆာန်ရောဂါကင်းရှင်းရေးဇုန် မွေးမြူရေးလုပ်ငန်းများ ဖော်ထုတ်ပြီး မွေးမြူရေးလုပ်ငန်း တိုတက်စေရန် အတွက် နိုင်ငံတော်မှ စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုလျှင် ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ဖြစ်ထွန်းလာပြီး ဒေသခံပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ ခေတ်မီနည်းပညာများ၊ ဈေးကွက်ယှဉ်ပြိုင်မှုများစသည့် အခက်အခဲများကြောင့် အကျိုးအမြတ်နည်းပါးခြင်း၊ လုပ်ငန်းချဲ့ထွင်နိုင်မှုမရှိခြင်း၊ မွေးမြူရေးလုပ်ငန်းများ လျော့နည်းလာခြင်းတို့ကို တွေ့ကြုံခံစားနေရသဖြင့် အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ရှင်သန် ဖြစ်ထွန်းလာစေရေး၊ အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် စီမံချက်စနစ်တကျ ချမှတ်ပြီး နိုင်ငံတော်၏ စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။