(ခ)-အဆောက်အအုံများဆောက်လုပ်ခြင်းနှင့်ပတ် သက်၍အလုပ်အကိုင်၊ပတ်ဝန်းကျင်ထိခိုက်မှုရှိလာ ပါက မည်သို့ တင်ပြဆောင်ရွက်ရမည်ကို သိရှိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးအေးမောက် (မလှိုင်) ဒီနေ့ရင်းနှီးမြှုပ်နှံမှုအရ အထပ်မြင့်အဆောက်အအုံများ၊ စုပေါင်းအိမ်ရာများ၊ ဟိုတယ်များ စသည်ဖြင့် ဆောက်လုပ်သည့်နေရာတွင် စံချိန်စံညွှန်းအရ ဆောက်လုပ်ရေးဌာနမှ စစ်ဆေးသကဲ့သို့ အခြားကိစ္စရပ်များကိုလည်း မည်ကဲ့သို့ စစ်ဆေးနေသည်နှင့် မည်သို့လိုက်နာခြင်းမရှိပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်နေသည်နည်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ထိခိုက်ခြင်း၊ လူမှုရေးအရထိခိုက်ခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ထုံးတမ်းစဉ်လာပျက်စီးဆုံးရှုံးနစ်နာမှုရှိခြင်းနှင့် နိုင်ငံသားများလုပ်ကိုင်ရမည့်နေရာတွင် နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်မှုကိုလည်း စစ်ဆေးခြင်းရှိ/မရှိ။ စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ တည်ဆဲအမိန့်၊ ညွှန်ကြားချက်များမလိုက်နာဘဲ ပြည်သူများ၏ သတ်မှတ်အလုပ်ချိန်ပြင်ပတွင် အနှောက်အယှက်ဖြစ်စေသည့် ဆူညံသံများဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ လမ်းပိတ်ဆို့မှုရှိခြင်း၊ ညစ်ညမ်းစေခြင်း ကိစ္စရပ်များဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်များကို အချိန်အတိုင်းမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပြီး ဆောင်ရွက်ကြခြင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အတွက် ပြည်သူများ ဒုက္ခရောက်ရခြင်း တို့နှင့်ပတ်သက်၍ မည်ကဲ့သို့ စစ်ဆေးကြပ်မတ်နေသည်ကို သိလိုပါကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်ကဲ့သို့အရေးယူသည်ကို သိလိုပါကြောင်းနှင့် ထိုသို့ လိုက်နာဆောင်ရွက်ခြင်း မရှိမှုအပေါ် ပြည်သူများမှ မည်ကဲ့သို့ တိုင်ကြားဆောင်ရွက် ရမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။