(ဂ)-ရှမ်းပြည်နယ်ရှိဟိုနမ့်၊ ထီတခေါ့၊ ဖာစန်း၊ ဟိုနမ့်၊ ခူးဝိန်း၊ နောင်ဗိုလ်၊ အနောက်ပူယာစန်း၊ ပုန်းအောင်၊ ထီပျဉ်၊ ပန်းတန် မြေသားလမ်းတို့အား ကျောက်ချော ခင်းပေးမည့် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မောက်မယ်မြို့နယ်၌ မောက်မယ်-ဟိုနမ့် ၁၈ မိုင်လမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများ လုံးဝမမျှော်လင့်ထားသော လမ်းပိုင်းဖြစ်၍ ဤလမ်းပိုင်းကြီးပြီးစီးသွားပါက ရှမ်းပြည်နယ်တောင်ပိုင်းထိ ဆက်သွယ်သွားလာရေး ကုန်စည် စိစစ်ဆေးရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များမှ တောင်ကြီးမြို့သို့ ဆက်သွယ်သွားလာရာတွင် ခရီးမိုင် (၅၀)ဝန်းကျင် လျော့နည်းသက်သာသွားမည်ဖြစ်ပြီး ဟိုနမ့်ဒေသကိုဖြတ်၍ စိုင်းခေါင်မှတစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ဟိုနမ့်ဒေသတွင် ကျေးရွာအုပ်စုနှစ်ခုရှိပြီး ယခင်က မြေသားလမ်းပိုင်းများ ဖောက်လုပ်ထားသော်လည်း မိုးရာသီတွင် ဆက်သွယ်သွားလာရေးကိစ္စများ ခက်ခဲပါကြောင်း၊ ပွင့်လင်းရာသီကာလ များတွင်သာ ဆက်သွယ်သွား လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောင်ရွက်ပြီးစီးမည့် မောက်မယ်-ဟိုနမ့် ကတ္တရာလမ်းမကြီးကိုဗဟိုပြုလျက် ကျေးရွာချင်း ဆက်ကျောက်ချောလမ်းပိုင်းများကို ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဟိုနမ့်-ထီတခေါ့-ဖာစန်း မြေသားလမ်းအား ကျောက်ချောခင်းပေးနိုင်မည့် အစီအစဉ်များ၊ ဟိုနမ့်-ခူးဝိန်း-နောင်ပို မြေသားလမ်းအား ကျောက်ချောခင်းပေးနိုင်မည့် အစီအစဉ်များနှင့် အနောက်ပူယာစန်း-ပုန်းအောင်-ထီပျဉ်-ပန်းတန် လမ်းပိုင်းတို့အား ကျောက်ချောခင်းပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။