(က)-ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာရှိ (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား ပြုပြင်ရန်နှင့် ဆရာဝန်တစ်ဦး အစားထိုးခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာသည် ကျေးရွာ (၆) ရွာဖြင့် ဖွဲ့စည်းထားသည့် အုပ်စုကျေးရွာဖြစ်ပြီး လူဦးရေ ၃၀၀၀ ကျော်နှင့် ၎င်းကျေးရွာနှင့် နီးစပ်လျက်ရှိသည့် ကဘင်ကျေးရွာအုပ်စုတွင်လည်း ရွာပေါင်း (၇) ရွာနှင့် ဖွဲ့စည်းနေထိုင်ကာ ရေလမ်းခရီးဖြင့်သာ ဆက်သွယ်သွားလာနိုင်ပြီး ကျန်းမာရေးအတွက် အရေးပေါ်ကိစ္စများ ကိုလည်း စခန်းသစ်ကျေးရွာတိုက်နယ်ဆေးရုံကိုသာ မှီခိုအားထားနေကြရပါကြောင်း၊ အဆိုပါ စခန်းသစ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် တစ်ဦးတည်းရှိသည့် ဆရာဝန်တစ်ဦးသည် ပြောင်းရွှေ့သွားသည်မှာ တစ်နှစ်ခန့် ကြာမြင့်သည်ဖြစ်သော်လည်း ယခုချိန်အထိ အစားထိုးခန့်ထားပေးခြင်း မရှိသေးပါကြောင်း၊ ထို့အတူ ကျွန်းစုမြို့နယ်ရှိ ခုတင် ၂၅ ဆံ့ ဆေးရုံတွင်လည်း ဖွဲ့စည်းပုံအရ မြို့နယ်ဆရာဝန်ကြီးတစ်ဦးနှင့် လက်ထောက်ဆရာဝန် (၅) ဦး ခန့်ထားခွင့်ရှိသော်လည်း လက်ရှိတွင် လက်ထောက်ဆရာဝန်တစ်ဦးကိုသာ ခန့်ထားခဲ့ပြီး မိုးတွင်းကာလ တစ်လျှောက်လုံး ကျွန်းစုမြို့နယ်တွင် ရာသီဥတုဆိုးရွားလှသည့်အပြင် မုန်တိုင်းဒဏ်ကြောင့် ကျေးရွာအချို့တွင် အိမ်များ ပျက်ဆီးခဲ့ရပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါဝေဒနာရှင်များ တစ်နေ့လျှင် လူနာ ၇၀ ယောက် ခန့်ကို မြို့နယ်ဆရာဝန်ကြီး ကျန်းမာရေးကြောင့် ရန်ကုန်တွင် ဆေးဝါးကုသမှုခံယူနေဆဲကာလတွင် လက်ထောက် ဆရာဝန်တစ်ဦးတည်းဖြင့် ကုသပေးနေခဲ့ရပါကြောင်း၊ ၎င်းအပြင် ယခင်နှစ်က ပြန်လည်ပြုပြင်ပေးခဲ့သည့် X-Ray ဓာတ်မှန်ဟောင်းမှာလည်း လုံးဝပျက်စီးသွားပြီး ပြုပြင်ရန် လုံးဝ မဖြစ်နိုင်တော့သဖြင့် အသစ်အစားထိုးပေးရန် လိုအပ်နေပါကြောင်း၊ သို့ပါ၍ စခန်းသစ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ပြောင်းရွှေ့သွားပြီး လစ်လပ်နေသည့် ဆရာဝန်တစ်ဦးအား ပြန်လည်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ဆေးရုံမှာလည်း ပြန်လည်ပြုပြင်ရန် လိုအပ်နေ ပါသဖြင့် အစားထိုးပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ကျွန်းစုမြို့နယ် ဆေးရုံတွင်လည်း လက်ထောက်ဆရာဝန်များ ထပ်မံဖြည့်သွင်းပေးရန်နှင့် ပျက်ဆီးနေသည့် X-Ray ဓာတ်မှန်အစား ဓာတ်မှန်အသစ်နှင့် ECT စက် တစ်ခုကို ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ၊ စခန်းသစ်တိုက်နယ်ဆေးရုံနှင့် ကျွန်းစုဆေးရုံတွင် ဆရာဝန်များ ထပ်မံဖြည့်စွက် ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ခန့်အပ်ပေးမည်ဖြစ်ကြောင်းနှင့် အထောက်အကူပြုကိရိယာများကိုလည်း မည်သည့်အချိန်တွင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းကို သိရှိလိုကြောင်း မေးမြန်းပါသည်။