(ဃ)-ကျုံပျော်မြို့နယ်ရှိ အိတ်ကတွတ်နှင့် ဒိုးဒန်းငူ ကျန်းမာရေးဌာနခွဲ တို့အတွက် အဆောက်အအုံများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း ကျန်းမာရေးဌာန (၇) ခုနှင့် ကျန်းမာရေးဌာနခွဲပေါင်း ၃၈ ခု ရှိပါကြောင်း၊ ဌာနခွဲ ၂၃ ခုတွင် သင့်တင့်ကောင်းမွန်သော အဆောက်အအုံများ မရှိပါကြောင်း၊ အချို့သော ကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများအား သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ စီစဉ်ပေးမှုဖြင့် ဆောင်ရွက်၍ အဆင်ပြေသော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ မီးဖွားမှုဆောင်ရွက်ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပါကြောင်း၊ အိမ်တိုင်ရာရောက် လိုက်လံမွေးဖွားပေးမှုများ ဆောင်ရွက်ရာတွင်လည်း အဆင်ပြေချောမွေ့ခြင်းမရှိသည့်အပြင် ပိုးမွှားသန့်ရှင်းရေးလုပ်ငန်းများလည်း ပြည့်ဝစွာဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ အိတ်ကတွတ်၊ ဒိုးဒန်းငူ၊ ဂနိမ်း၊ မျော့တူ စသောကျန်းမာရေးဌာနများတွင် အဆောက်အအုံများမရှိသည့်အပြင် သွားလာရေးခက်ခဲသော အရပ်ဒေသများလည်းဖြစ်သောကြောင်း ကျုံပျော်မြို့နယ်အတွင်းရှိ ကျန်းမာရေးအဆောက်အအုံမရှိ၍အခက်အခဲများ ကြုံတွေ့နေကြရသောဒေသများအနက်မှ အိတ်ကတွတ် ကျန်းမာရေးဌာနခွဲနှင့် ဒိုးဒန်းငူ ကျန်းမာရေးဌာနခွဲတို့အတွက်အဆောက်အအုံအသစ်များဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။