(င)-တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်လင်းကျေးရွာ အ.လ.က ခွဲအား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးခင်မောင်ရွှေ (တမူး)စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ အခြေခံပညာအထက်တန်းကျောင်း၏ အထက်ပိုင်းဒေသတွင် အလယ်တန်းကျောင်းခွဲ (၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၅) ကျောင်းနှင့် အ.မ.က (ခွဲ) ကျောင်းရှိပါကြောင်း၊  ထို့ကြောင့် အထက်ပိုင်းဒေသက အဋ္ဌမ တန်းအောင်မြင်ပြီး ကျောင်းသား/ကျောင်းသူအများစုသည် မြို့သစ်အ.ထ.ကသို့ သွားရောက် ပညာသင်ကြားနိုင်ခြင်း မရှိကြသည့်အတွက် အလယ်တန်းပညာအဆင့်ထိသာ သင်ကြားနိုင်ကြပြီး ပညာတတ်များ ထွန်းကားမှု နည်းပါးကာ ဖွံ့ဖြိုးမှု နောက်ကျသောဒေသ  ဖြစ်ပါကြောင်း၊ အဆိုပါ အလယ်တန်းကျောင်းခွဲ (၂) ခုအနက် ဖိုင်လင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသည် အ.လ.က(ခွဲ)အဖြစ် ၁၉၉၁ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်မှာ ယခုဆိုလျှင် ၂၄ နှစ်နီးပါး ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ပညာသင်နှစ်တွင် မူလတန်းဆင့် ၁၄၉ ဦးနှင့် အလယ်တန်းဆင့် ၈၈ ဦးတို့ ပညာသင်ကြားခဲ့ပါကြောင်း၊ အိမ်ခြေနှင့် လူဦးရေအရ ပညာရေးဌာနက သတ်မှတ်ထားသောလူဦးရေ ပြည့်မီမှ အလယ်တန်းကျောင်းအဆင့်ပေးမည်ဆိုပါက အဆိုပါ ကျေးရွာများသည် မည်သည့်အခါမျှ ရနိုင်မည် မဟုတ်ပါကြောင်း၊ ယခင်နှစ်ကလည်း အလယ်တန်းကျောင်းရရန် လျှောက်ထားခဲ့သော်လည်း ကျောင်းသားဦးရေ ကန့်သတ်မှုအရ အဆင့်တိုးမြှင့်ပေးခဲ့ခြင်းမရှိပါကြောင်း၊ အဆိုပါဒေသသည် ချင်းတိုင်းရင်းသား များ  နေထိုင်သည့်ဒေသဖြစ်ပြီး ဒေသခံပြည်သူများကလည်း ၎င်း၏သားသမီးများကို အခြေခံပညာအဆင့်ကို ပြီးမြောက်စေလိုသည့် ဆန္ဒများလည်း ရှိနေကြပါကြောင်း၊ ယခု ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့် ၁၆၇ ဦးနှင့် အလယ်တန်းအဆင့် ၉၁ ဦးတို့ ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက ၎င်းတို့၏ အ.လ.က(ခွဲ)ကျောင်းအား အ.လ.က အဆင့်သို့ တိုးမြှင့်ပေးနိုင်ရေး ထပ်မံတင်ပြခဲ့ကြပါကြောင်း၊ သို့ဖြစ်ပါ၍ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်လင်းကျေးရွာ အ.လ.က(ခွဲ)အား ကျောင်းသားဦးရေအရမဟုတ်ဘဲ ချင်းတိုင်းရင်းသားများသာ နေထိုင်သည့်ဒေသဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နိုင်ငံတော်၏လစာနှစ်ဆရရှိသည့် ဒေသဖြစ်ခြင်း၊ ယခင်က နိုင်ငံတော် အကြီးအကဲများ၏ ကဘော်ချိုင့်ဝှမ်းအထူးစီမံကိန်းများ အကောင်အထည်ဖော်သော ဒေသဖြစ်ခြင်းတို့ကြောင့် အ.လ.က(ခွဲ)အဆင့်မှ အ.လ.က အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ပညာသင်နှစ် တွင် ဆောင်ရွက်ပေးရန် လျာထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။