(ည)-သနပ်ပင်မြို့နယ်၊ နတ်ရေကန် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်းများတွင် လိုအပ်လျက်ရှိသော အထက်တန်းပြဆရာ၊ ဆရာမများ ခန့်ထားပေးရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ နတ်ရေကန် အထက်တန်းကျောင်းခွဲတွင် အထက်တန်းကျောင်းသားဦးရေ ၈၂ ဦးသော်လည်း အထက်တန်းပြဆရာတစ်ဦးသာရှိပါကြောင်း၊ သနပ်ပင်မြို့နယ်၌ အခြေခံပညာအထက် တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၁၀ ကျောင်းရှိပြီး ယင်းကျောင်း များတွင် အထက်တန်းပြဆရာ လိုအပ်မှုများအနေဖြင့် အထကသနပ်ပင် ၇ ဦး၊ အထကမင်းရွာ ၂ ဦး၊ အထက ရေတံခါးတာဝ ၆ ဦး၊ အထက ကမာစဲ ၆ ဦး၊ အထကကုလားချောင်းကြီး ၉ ဦး၊ အထကခွဲ ကျီးပင်စု ၅ ဦး၊ အထကခွဲ နတ်ရေကန် ၇ ဦး၊ အထကခွဲ ခရမ်း ၇ ဦး၊ အထကခွဲကျွန်းကြီး ၄ ဦးနှင့် အထကခွဲ ကျုံပါချောင်းဝ ၇ ဦး စုစုပေါင်း၆၀ ဦးလိုအပ်နေပါကြောင်း၊ ထို့အပြင် နိုင်ငံအဝှမ်းတွင်လည်း ဆရာပြည့်စုံမှု မရရှိခြင်းများကြောင့် အခက်အခဲများရှိနေ ကြောင်းနှင့် ပညာရည်မြင့်မားသော လူငယ်များစွာဟာ အလုပ်လက်မဲ့ဖြစ်နေကြ သော်လည်း လစဉ် ချီးမြှင့်ငွေနှင့် ဂုဏ်သိက္ခာအရ အခြေခံပညာရေးဝန်ထမ်းလုပ်ရန် စိတ်ဝင်စားမှုအလွန်နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊
နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးခြင်း၊ အခြေခံပညာရေးသည် ပညာရေးတစ်ရပ်လုံး၏ အခြေခံအုတ်မြစ်ဖြစ်ခြင်းများကြောင့် ပညာရည် မြင့်မားသော ဆရာများနှင့် အခြေခံပညာရည်ကောင်းများ အုတ်မြစ်ချနိုင်ဖို့လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လစဉ် ချီးမြှင့်ငွေနှင့် အဆင့်အတန်းသတ်မှတ်ချက် ပညာရေးမူဝါဒပြောင်းလဲရန်လိုအပ်မည်ဟု ယူဆပါကြေင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ် နတ်ရေကန် အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အထက်တန်း ကျောင်းများတွင် လိုအပ်လျက်ရှိသော အထက် တန်းပြဆရာများ ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ခန့်ထားပေးပါမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသားနှင့်ဆရာ အချိုးညီခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ အခြေခံပညာရေးတွင် အရည်အသွေးမြင့်မားသော ဆရာများခန့်ထားနိုင်ရေးအတွက် လစဉ်ချီးမြှင့်ငွေနှင့် အဆင့်အတန်း သတ်မှတ်မှုများအား ပြည်လည်သုံးသပ်ရန် ပညာရေးမူဝါဒပြောင်းလဲရန် အစီအစဉ်ရှိမရှိသိလိုပါ ကြောင်းမေးမြန်းပါသည်။