(က)-G.T.I ကျောင်းသစ်များထပ်မံဆောက်လုပ်မည့် အစားလက်ရှိနည်းပညာတက္ကသိုလ် များတွင်G.T.I သင်တန်းများအားပူးတွဲသင်ကြားပေးရန်အစီအစဉ် ရှိ၊ မရှိကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဒေါက်တာစိုးရင် (ကမာရွတ်) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အောက်ရှိနည်းပညာ တက္ကသိုလ် ၃၃ ခုရှိပြီး G.T.I ၁၁ ခုနှင့် G.T.C ၃ ခု စုစုပေါင်း ၃၇ ကျောင်းဖြင့် အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။ နည်းပညာတက္ကသိုလ်များတွင် အရည်အချင်းတိုးမြှင့်သည့်အနေဖြင့် ဝင်ခွင့်အမှတ်ကို တိုးမြှင့်သတ်မှတ်ပြီး ကျောင်းသားဦးရေဝင်ခွင့် လျော့နည်းသည်ကို လက်ခံလျက်ရှိပါသည်။ ဝန်ကြီးဌာနအနေဖြင့် အင်ဂျင်နီယာ နှင့် နည်းပညာကျွမ်းကျင်သူ Technition အချိုးကွာဟမှုအတွက်၊ နည်းပညာကျွမ်းကျင်သူများ ပိုမိုထုတ်လုပ်ရန် အတွက် G.T.I ကျောင်းသစ်များ တည်ထောင်ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရရှိပါသည်။ ယခုလိုကျောင်းအသစ်များကို ထပ်မံတည်ဆောက်ပြီး ပြည်သူ့ဘဏ္ဍာများကို သုံးစွဲမည့်အစား လက်ရှိနည်းပညာ တက္ကသို့လ်တွင် လိုအပ်လျက်ရှိသည့် လက်တွေ့ခန်းသုံးပစ္စည်းများ၊ (Equiptment) များ ကျွမ်းကျင်သူများအတွက် နှစ်စဉ်လက်တွေ့ခန်းစရိတ် ကုန်ကျမှုများကို ပိုမိုခွင့်ပြုသုံးစွဲပြီး ဆောက်လုပ်ရေး အတွက်လိုအပ်သည့် ဘဏ္ဍာငွေသုံးစွဲမှုများကို လျော့ခြင်းအားဖြင့် G.T.I သင်တန်းများကို ဆောင်ရွက်သင့်ပါကြောင်း၊ ယခုလိုဆာင်ရွက်ခြင်းအတွက် G.T.I သင်တန်းများကို နည်းပညာတက္ကသိုလ်တွင် ပူးတွဲဖွင့်လှစ်ထားမည်ဆိုပါက ပိုပြီးအဆင်ပြေဖွယ်ရာရှိနိုင်ပါကြောင်း၊ လက်ရှိဖွင့်ထားသည့် နည်းပညာ တက္ကသိုလ်များသည် လူနေထူထပ်သောမြို့ကြီးများတွင် တည်ရှိပြီး Compact ကောင်းမွန်ပြီးဖြစ်သော ကျောင်းသား/သူများအတွက်လည်း အဆင်ပြေကြောင်းကို တွေ့ရှိရပါသည်။ ထို့ကြောင့် G.T.I သို့မဟုတ် A.G.T.I ကျောင်းသစ်များကို အသစ်ထပ်မံဆောက်လုပ်မည့်အစား လက်ရှိနည်းပညာတက္ကသိုလ်များတွင် A.G.T.I သင်တန်းများကို ပူးတွဲဖွင့်လှစ်ပေးပြီး့ သင်ကြားရေးမြှင်တင်မှု၊ ဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။