(ခ)-ထားဝယ်အထူးစီးပွားရေးဇုန်၊ထားဝယ်ရေနက် ဆိပ်ကမ်းနှင့်ပတ်သက်၍နောက်ဆုံးအခြေအနေကို သိရှိလိုပါကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးအောင်စိုး (လောင်းလုံး) ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များတွင် ပါဝင်ပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီးပွားရေးဇုန်တစ်ခုဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိအနေဖြင့် အနောက်ဥရောပနိုင်ငံများနှင့် ကမ္ဘာ့အရှေ့နိုင်ငံများသို့ ကုန်စည်များတင်ပို့ရာတွင် ရေလမ်းခရီးမှ သွားမည်ဆိုပါက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများမှတစ်ဆင့် မလက္ကာရေလက်ကြားမှဖြတ်ပြီး တောင်တရုတ်ပင်လယ်ကိုပတ်ပြီး သင်္ဘောများသွားရတဲ့အခါမှာ အချိန်ကြာမြင့်ခြင်းနှင့်အတူ ကုန်ကျစရိတ်များကြီးမားခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်းများ၊ ပင်လယ်ဓားပြများ၏ အန္တရာယ်လည်း ကြုံတွေ့နိုင်ပါကြောင်း၊ ထို့ကြောင့် ဒီစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အခက်အခဲများ ကျော်လွှားနိုင်ရန်နှင့် အနောက်ဘက် ပင်လယ်ဖြစ်သည့် ကပ္ပလီပင်လယ်တွင်ရှိသည့် ထားဝယ်ဆိပ်ကမ်းမှ အရှေ့ဘက်ပင်လယ်ရှိ ဘန်ကောက်ဆိပ်ကမ်းကို ကုန်းလမ်းခရီးကို နာရီပိုင်းနှင့် ရောက်နိုင်သည့်အတွက် စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးအရ ဒေသခံပြည်သူများနှင့်အတူ မိမိတို့မြန်မာနိုင်ငံအတွက်လည်း အထူးပဲစီးပွားရေးအကျိုးများစွာဖြစ်ထွန်းနိုင်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အတွက် ယင်းထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။