(ဃ)-ရွှေတောင်မြို့ ချည်မျှင်နှင့် အထည်စက်ရုံမှ ပိုလျှံသိမ်းဆည်းမြေများကို ထပ်မံစွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၁။ ၁၉၇၄ ခုနှစ်ခန့်က ရွှေတောင်မြို့နယ် နွားမယံအုပ်စု၊ ဆည်ကြီးကုန်းအုပ်စု၊ သရက်တောရပ်ကွက်တို့ရှိ လယ်မြေဧကများကို စက်ရုံတည်ဆောက်ရန် (က) ၁၁-၈-၁၉၈၉ တွင် ၆၈၄.၅၈ ဧက၊ (ခ) ၃၀-၃-၁၉၉၀ ပြည့်နှစ်တွင် ၇.၃၆ ဧက၊ (ဂ) ၁-၆-၁၉၉၀ တွင် ၈.၇၃ ဧက စုစုပေါင်းဧကပေါင်း ၇၀၀.၆၇ ဧကကို သိမ်းယူခဲ့ပါကြောင်း။
၂။ ထိုသိမ်းဆည်းခံရပြီး စက်ရုံဆောက်လုပ်ရာ၌ အသုံးမပြုသော ပိုလျှံလယ်မြေဧကများကို ၁၉၇၃-၁၉၇၄ မှ ၁၉၈၉-၁၉၉၀ ခုနှစ်အထိ ပြည်သူ့ကောင်စီ၊ လယ်သမားကောင်စီတို့၏ စီမံချက်နှင့် မူလလုပ်ကိုင်ခဲ့သော လယ်သမားတို့အား လယ်အမတော်ချေးငွေပေး၍ လုပ်ကိုင်ခွင့်ပေးခဲ့ပါကြောင်း၊ ၁၉၈၉-၁၉၉၀ ခုနှစ် စက်ရုံတည်ဆောက်ခွင့် (လန-၃၉) ကျလာသောအခါ စက်ရုံဝန်ထမ်း သက်သာ အတွက်ဆို၍ လယ်သမားတို့အား အငှားသီးစားခ တစ်ဧက စပါး သုံးတင်း၊ ထိုမှ ငါးတင်း၊ ထိုမှ ခုနစ်တင်း အမျိုးမျိုးတိုးမြှင့် ကောက်ခံခဲ့ပါကြောင်း။
၃။ ၂၀၀၄ ခုနှစ် ဝါခေါင်လ၌ တစ်ကြိမ်၊ သီတင်းကျွတ်လဆန်း၌ တစ်ကြိမ်၊ မြစ်ရေကြီးမှုဒဏ်ကို နှစ်ကြိမ် ခံလိုက်ရသဖြင့် လူစားရန်စပါး၊ နွားစားရန်မြက် လုံးဝမရဘဲ ဒုက္ခကြီးစွာ ငတ်နေကြရသည့်အဖြစ်ကို အထက် အာဏာပိုင်များသို့ တင်ပြခဲ့ပါကြောင်း၊ အထက်အာဏာပိုင်များ ကွင်းဆင်းစစ်ဆေးပြီး အခြေအနေမှန်ကို သိရှိသွားသဖြင့် လယ်အမတော်ကြီးများကို ဖြေလျှော့ပယ်ဖျက်ပေးခဲ့ပါကြောင်း၊ သို့သော် ရွှေတောင်ချည်မျှင်စက်ရုံ အာဏာပိုင်တို့က သီးစားခအတွက် စပါးမသွင်းနိုင်ပါက တန်ဖိုးတူ ငွေကြေးသွင်းရမည်ဟုလည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် တစ်ဧကလျှင် ၁၀ တင်းပေးရမည်ဟု လည်းကောင်း အမိန့်ထုတ်ပါကြောင်း၊ ရွှေတောင်(မယက) ဥက္ကဋ္ဌက တစ်ဧကကို တစ်ရာသီ စပါး (၆) တင်းနှင့် ညှိနှိုင်းပေးသော်လည်း ချည်မျှင်စက်ရုံဘက်မှ နွေ၊ မိုး နှစ်ရာသီအတွက် တစ်ဧက စပါးတင်း ၂၀ မပေးနိုင်က လယ်လုပ်ခွင့်အပြီးပိတ်သိမ်းသည်ဟု ပိတ်လိုက်ပါကြောင်း။
၄။ ထိုကဲ့သို့ လယ်သမားတို့အား လုပ်ကိုင်စိုက်ပျိုးခွင့်ပိတ်ပြီးနောက် စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ချည်မျှင်ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ချည်မျှင်ဝန်ထမ်းများဆိုသည်မှာလည်း လယ်သမားလည်းမဟုတ်ဘဲ လယ်လုပ်ကိရိယာ ထွန်၊ ထယ်၊ နွားလှည်း၊ ပေါက်ပြား၊ ဓား မရှိသူများကို ရုပ်ပြလယ်သမားများအဖြစ် ပွဲစားလုပ်၍ ရှာပေးသူများကိုဆိုပါကြောင်း၊ ထိုသူများကို လယ်လုပ်ခွင့်ပြုလိုက်သည့်အတွက် လယ်လုပ်ခွင့်ဆုံးရှုံးရသော မူလသိမ်းဆည်းခံလယ်သမားများမှာ တောတက်ထင်းခွေ၊ အင်ဖက်ခူး၊ မျှစ်ချိုး၊ ဟင်းရွက်ရှာ၊ မုန့်လပွေလုပ်ရောင်းနှင့် မဝရေစာဖြစ်နေကြသူများ၊ အသက်အရွယ်ကလည်းကြီး၊ အာဟာရကလည်း မပြည့်စုံသဖြင့် ပစ်စလက်ခတ်သေ သွားရသူများလည်း ရှိပါကြောင်း။
၅။ နိုင်ငံတော်အတွက် အကျိုးပြုခဲ့သော နှစ်သီးစားပထမတန်းစား လယ်များမှာ ယခုအခါ ဖုန်းဆိုးထ၍ ပျက်စီးနေသော လယ်ရိုင်းဘဝသို့ ရောက်နေရပါကြောင်း၊ နိုင်ငံတော်သမ္မတက အစိုးရဝန်ကြီးဌာန အားလုံးသို့ ပိုမိုသိမ်းယူခဲ့သော ပိုလျှံမြေများကို မူလပိုင်ရှင်တောင်သူလယ်သမားတို့ထံ ၂၀၁၄ ခုနှစ်၌ စိုက်ပျိုးရာသီအမီ ပြန်လည်လွှဲအပ်ရန် ညွှန်ကြားသည်ကို ကြားသိရသဖြင့် သိမ်းဆည်းခံ လယ်သမားများမှာ အထူးမျှော်လင့်အားခဲထားပါသော်လည်း (က) ပိုလျှံမြေ နွားမယံစံပြကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းအုပ်စု၊ သရက်တောရပ်ကွက် (၃) နေရာအနက် နွားမယံစံပြကျေးရွာအုပ်စုကိုသာ ပြန်ပေးပါသဖြင့် ကျန်ဆည်ကြီးကုန်း အုပ်စုနှင့် သရက်တောရပ်ကွက်တို့မှ သိမ်းယူ၍ပိုလျှံနေသော လယ်မြေများကို ပြန်ပေး/မပေးနှင့် ပေးမည်ဆိုလျှင် မည်သည့်အချိန်၌ ပေးပါမည်နည်း။ (ခ) နွားမယံစံပြကျေးရွာအုပ်စုသို့ ၄၀.၅ ဧကပြန်ပေးပြီဆို၍ အမှန်တကယ်တွင် ၃၆.၁၅ ဧက သာဖြစ်နေသဖြင့် ပိုလျှံသိမ်းဆည်းမြေများကို ထပ်မံပေး/မပေးနှင့် ပေးမည်ဆိုလျှင် မည်သည့် အချိန်၌ ပေးပါမည်နည်း။ (ဂ) ရွှေတောင်ချည်မျှင်နှင့် အထည်စက်ရုံကို နည်းလမ်းသုံးသွယ်ဖြင့် အကောင်အထည်ဖော် သည့်အခါ ထိုပိုလျှံသိမ်းဆည်းမြေများလည်း ထိုအကောင်အထည်ဖော်လုပ်ငန်းနှင့်အတူ ပါသွားပြီး လယ်သမားများ၏ မျှော်လင့်ချက် ကုန်ဆုံးရပါတော့မည်နည်း။ (ဃ) စက်ရုံစီမံကိန်းအတွက် လယ်မြေဧက ၇၀၀ ခန့် သိမ်းခဲ့ပြီး ယခုအချိန်ထိ စက်ရုံဝန်ထမ်းအိမ်ရာ အဆောက်အဦများ အပါအဝင် ဧက ၄၀၀ ခန့်သာအသုံးပြုထားပြီး ပိုလျှံသိမ်းဆည်းမြေဧက (၂၅၀/၃၀၀)ခန့် ကျန်ရှိသည် တို့ကို မည်သို့စီမံဆောင်ရွက် အသုံးပြုပါမည် ကို သိရှိလိုပါကြောင်း၊ ရွှေတောင်မြို့၏ အခြေခံလူတန်းစား လယ်သမားများ၏ ဆင်းရဲမှုလျော့ပါးပပျောက်ရေးအတွက် ရွှေတောင်မြို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ချည်မျှင်နှင့် အထည်စက်ရုံမှာ ပိုလျှံ သိမ်းဆည်းနေသောမြေများအနက် စွန့်လွှတ်မြေ ၄၀.၅ ဧက၊ အမှန်တကယ်ရမြေ ၃၆.၁၅ ဧကကိုသာ ရရှိ၍ စားဝတ်နေရေးပြည့်စုံစွာ စိုက်ပျိုးလောက်သော ပိုလျှံသိမ်းဆည်းမြေများကို ထပ်မံစွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။