(က)-စက်မှုဇုန်ထုတ်ကားများ၊သုံးဘီးကားများနှင့်နှစ် (၂၀) ကျော်ကားများကိုဖျက်သိမ်းရန်အတွက်၃၁-၁၂ -၂၀၁၄ရက်တွင်နောက်ဆုံးထားအပ်နှံရန်သတ်မှတ် ချက်ကို ၃၁-၁၂-၂၀၁၅ ရက်သို့ တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ ၈-၇-၂၀၁၄ ရက် နေ့စွဲဖြင့်ထုတ်ပြန်ထားသော မူဝါဒ ကြေညာချက်အရ စက်မှုဇုန်ထုတ်ကားများကို ၁၄-၇-၂၀၁၄ ရက်နေ့၊ သုံးဘီးကားများကို ၁-၈-၂၀၁၄ ရက်နေ့၊ အနှစ် ၂၀ ကျော် ကားများကို ၁-၉-၂၀၁၄ ရက်နေ့၊ ၂က ကားများကို ၆-၁၀-၂၀၁၄ ရက်နေ့တွင် ဖျက်သိမ်းရန်အတွက် စတင်အပ်နှံခွင့်ပြုခဲ့ရာ ယာဉ်အို/ယာဉ်ဟောင်းများ စုစုပေါင်းဦးရေ ခန့်မှန်းခြေသုံးသိန်းခန့်ရှိပြီး ၃၁-၁၂-၂၀၁၄ ရက် နောက်ဆုံးထားအပ်နှံမှသာ အစားထိုးတင်သွင်းသွားသော ကားများကို ကညနခွန် လျှော့ပေါ့ခံစားခွင့် ပြုမည်ဖြစ်သဖြင့် ယာဉ်အို/ယာဉ်ဟောင်း ပိုင်ရှင်များ စုပြုံအပ်နှံပြီး ဂျပန်လေလံတွင် အလုအယက် လေလံဆွဲဝယ်ယူမှုကြောင့် လေလံဈေး များ နှစ်ဆကျော်၊ လေးဆမှ လေးဆကျော်အထိ ဈေးတက်ပြီး ဝယ်ယူနေကြခြင်းကြောင့် ပြည်သူများ နစ်နာကြရပါကြောင်း၊ ယာဉ်အို/ယာဉ်ဟောင်းများကို အစားထိုးကား ဝယ်ယူရန်အတွက် ငွေကြေးစုဆောင်းရန် လုံလောက်သော အချိန်အတိုင်းအတာတစ်ခု မလွဲမသွေ လိုအပ်မည်ဖြစ်ရာ ကားပိုင်ရှင်များ၏ လူနေမှုဘဝ ယုတ်လျော့မှုမဖြစ်စေရေးနှင့် အစိုးရမှပြည်သူ့ဘဝ မြှင့်တင်ရေးအတွက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ စက်မှုဇုန်ထုတ်ကားများ၊ သုံးဘီးကားများ၊ နှစ် ၂၀ ကျော်ကားများကို ဖျက်သိမ်းရန်အတွက် ၃၁-၁၂-၂၀၁၄ ရက်နေ့တွင် နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ခြင်းကို ၃၁-၁၂-၂၀၁၅ ရက်နေ့သို့ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။