(ဃ)-မဘိမ်းမြို့နယ်ကြံတောင်သူများနှင့်ဂရိတ်ဝေါလ် -ဝေမာဟိုးလ်ဒင်းလီမိတက်တို့ နှစ်ဦးသဘောတူချုပ် ဆိုထားသောစာချုပ်ကိုဂရိတ်ဝေါလ်ဘက်မှချိုးဖောက် သည်ကိုကြံတောင်သူများအတွက်မည်ကဲ့သို့ဆောင် ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိ)ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်ရှိ ကြံတောင်သူများနှင့် ဂရိတ်ဝေါလ်၊ ဝေမာဟိုးလ်ဒင်းလီမိတက် မောင်းကုန်းသကြားစက်တို့က ကြံကြိုတင် ရောင်းဝယ်မှုနှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုပြီးမှ အချိန်တန်သည့်အချိန်တွင် ကုမ္ပဏီဘက်မှ သဘောတူစာချုပ်ကိုဖောက်ဖျက်ပြီး ကြံတောင်သူများဆီမှ  ကြံများဝယ်ယူခြင်းမရှိတော့သလို ရာသီလွန်ခုတ်သိမ်းမှုများလည်း နောက်ကျ၍ ကြံပင်များသေကြေပျက်စီးပြီး ကြံတောင်သူများအနေဖြင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ မဘိမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ကို တိုင်ကြားသော်လည်း ကွင်းဆင်းစစ်ဆေးပြီး မည်သည့် အရေးယူဆောင်ရွက်မှုမှ မပြုလုပ်ပေးခဲ့ပါကြောင်း၊ ယခုလိုလွှတ်တော်ကို မေးခွန်းမေးမြန်းနေသည့် အချိန်မှာသာ ဂရိတ်ဝေါလ်ဘက်ကနေပြီးတော့ တောင်သူအချို့ကို ငွေကြေးအနည်းငယ်ပေးပြီး ညှိနှိုင်းခဲ့ပါကြောင်း၊ သို့သော် ၎င်းတို့ပေးသည့်ငွေကြေးက တောင်သူများအနေဖြင့် နစ်နာကြေးမှာ အလွန်နည်းပါးတာကြောင့် မယူပဲနှင့် နေနေသည့် တောင်သူများလည်းအများအပြားရှိနေပါကြောင်း၊ ကြံတောင်သူများနှင့် ဂရိတ်ဝေါလ်၊ ဝေမာဟိုးလ်ဒင်းလီမိတက်တို့ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း မည်သည့်အတွက်ကြောင့် ဂရိတ်ဝေါလ်ဘက်က စာချုပ်ကို ဖောက်ဖျက်ခဲ့ရပါသနည်း။ မဘိမ်းမြို့နယ် အုပ်ချုပ် ရေးမှူးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီး နစ်နာသည့်ကြံတောင်သူများကို မည်သည့်အတွက် ကြောင့် အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်ခဲ့ပါသနည်း။ လျော်ကြေးမယူဘဲ နစ်နာမှုရှိခဲ့တဲ့ ကြံတောင်သူများအတွက်လည်း မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ  မေးမြန်းပါသည်။