(ဆ)-သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်း (တာဆန်း)ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်း (တာဆန်း) အားပြုပြင်ရန်အတွက် China Three Gorges Corporation, EGAT Int နှင့် IGOEC တို့ MOU လက်မှတ်ရေးထိုးထားကြောင်းသိရှိရပါသည်။ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၄၇၁၇ ထွက်ရှိပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် ရေအား လျှပ်စစ်စီမံကိန်းဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။ ဖြစ်နိုင်ခြေရှိသည့် အစီရင်ခံစာ (FSR) ပြုစုတင်ပြလာပြီး FSR အား ဥပရောပကျွမ်းကျင်သူ အတိုင်ပင်ခံအဖွဲ့အား ငှမ်းရမ်း၍ စစ်ဆေးမည်ဖြစ်ကြောင်း နှင့် ဒေသခံ တိုင်းရင်းသားများက မိမိတို့၏ မူလပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လွန်စွာ စိုးရိမ် ပူပန်နေကြပါကြောင်း၊ အထူးသဖြင့် ကွန်ဟိန်းမြို့နယ်ရှိ ပြည်သူများက ရေဝပ်ဧရိယာတွင် ကွန်ဟိန်း မြို့နယ်မှ တာကော်တံတားအထိ ရေဝပ်ဧရိယာဖြစ်သည်ဟုဆိုကာ စိုးရိမ်လျက်ရှိနေပါကြောင်း၊ ထိုမျှသာမက သံလွင်မြစ်ပေါ်တွင် ဆည်များတည်ဆောက်၍ ရေအားလျှပ်စစ်စီမံကိန်းများ ပြုလုပ်နေသည်ကို ပြည်သူအများ ကလည်း စိုးရိမ်ပူပန်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ ရှမ်းပြည်နယ်၊ မိုင်းတုံ မြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်း (တာဆန်း) နှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေ မည်သည့်အဆင့်သို့ရောက်ရှိနေသည်ကို အကျဉ်းမျှသိရှိလိုပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု ဆန်းစစ်ချက်နှင့် ကာကွယ်ပေးရေး အခြေအနေ (EIA)၊ လူမှုဘဝ ထိခိုက်မှုဆန်းစစ်ချက်နှင့် ကာကွယ်ပေးရေး အခြေအနေ(SIA)ကို ပြည်သူအများ သိရှိနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်။ ဒေသခံတိုင်းရင်းသားပြည်သူများ လုံးဝစိုးရိမ်စရာမရှိသော အခြေအနေအထိ ရှိ/မရှိ ကျယ်ပြန့်စွာသိရှိနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းအောင်မြင်ပါက နိုင်ငံတော် အနေဖြင့် ဒေသခံပြည်သူများဘက်မှ လျှပ်စစ်ဓာတ်အား တိုက်ရိုက်သုံးစွဲခွင့်ရရှိမှုအပြင် အခြားဆက်နွယ်သည့် လူမှုရေးအခွင့်အလမ်း (Social Benefit) နှင့် စီးပွားရေးအခွင့်အလမ်း (Economic Benefit) မည်မျှရသည်ကိုလည်း သိရှိလိုပါကြောင်း၊ အနီးကပ်နေသည့် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ပြည်သူများအတွက် အကျိုးအမြတ်မည်မျှရမည်ကိုလည်း၊ ရာခိုင်နှုန်းနှင့် ဖော်ပြပေးနိုင် ပါကလည်း ဖော်ပြပေးစေလိုပါကြောင်း၊ ကွန်ဟိန်းမြို့နယ်နေ ပြည်သူများ စိုးရိမ်ပူပန် နေကြသည့်အတိုင်း ရေဝပ်ဧရိယာတွင် ကွန်ဟိန်းမြို့နယ်မှ တာကော်တံတားအထိ ဖြစ်သည်ဆိုခြင်းမှာ မှန်ကန်မှုရှိ/မရှိ။ ဟုတ်မှန်သည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မည်သို့ကုစားပေးမည်ကိုလည်း သိလိုပါကြောင်းနှင့် ရှမ်းပြည်နယ်၊ မိုင်းတုံ မြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်း၏ ရေဝပ်ဧရိယာ မည်မျှရှိသည်ကို မြေပုံနှင့်တကွ သိရှိလိုပါကြောင်း မေးမြန်းပါသည်။