(ဈ)-မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ အစိုးရတာတမံ ပြီးမြောက်ရေးနှင့် တာတမံအတွင်းရှိ ပုဇွန်ကန်ပြဿနာများ ရှင်းလင်းပေးပါရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးဖေသန်း( မြေပုံမဲဆန္ဒနယ်)မြေပုံမြို့နယ်၊ ငမန်းရဲ ကျွန်းသည် အလျားမိုင် ၃၆ မိုင် ဧရိယာဧက ၁၂၃၀၀ ရှိပါကြောင်း၊  ၂၀၀၄ခုနှစ်ခန့်တွင် မုန်တိုင်းတိုက်ခြင်းခံရသည့်အတွက် တာတမံသည် ပျက်စီးခဲ့ပါကြောင်း၊ ထို့နောက် နိုင်ငံတော်အစိုးရက ဝင်ရောက်ဆောင်ရွက်ခြင်းမရှိ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပုစွန်ကွင်းများကို ယင်းတာတမံထဲတွင် တည်ဆောက်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် ဒေသခံအလုပ်သမားများနှင့်  ပြဿနာဖြစ်ခဲ့ကြပါကြောင်း၊

မိမိအနေဖြင့် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပြည်သူ့လွှတ်တော်မှာ ယင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့ရာ ငမန်းရဲကျွန်း တာတမံကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစတွင် အပြီးဆည်ဖို့ရန် ကတိပေးဖြေကြားခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက နိုင်ငံတော်သမ္မထံကို သီးသန့် သဝဏ်လွှာ ပေးပို့ရာတွင် သမ္မတထံမှ ၂/၄/၂၀၁၄ ရက်စွဲပါစာအမှတ်-၁၀၈(၁၁/၈/သမ္မတရုံးစာဖြင့် တာပတ်ခြင်းလုပ်ငန်းအား ယခုနှစ်အတွင်း အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တာတမံပြီးစီးပါက ပုစွန်မွေးမြူနေခြင်းအား ပြေလည်အောင် ဖြေရှင်းပေးပါမည် ဆိုပြီး ကတိပေး ဖြေကြားသွားခဲ့ပါကြောင်း၊ သို့သော် ယနေ့အထိ ယင်းလုပ်ငန်းများ အကောင်အထည် မပေါ်သည့်အတွက် လွှတ်တော်တွင် ဆက်လက် မေးခွန်းမေးမြန်းထားပါကြောင်း၊

(၁) ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ငမန်းရဲ ကျွန်းတာတမံတာပတ်ခြင်းလုပ်ငန်းအား အပြီးဆည်ဖို့ရန် လျာထားသတ်မှတ်ထားသော်လည်း မပြီးနိုင်ခဲ့သည်ဖြစ်ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်ပြီးအောင် ဆည်ဖို့ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) စပါးစိုက်ပျိုးရန် ရေအချက်ဖြင့် နိုင်ငံတော်က ဘဏ္ဍာကို အသုံးပြု၍ တည်ဆောက်ပေးသော ငမန်းရဲကျွန်း အစိုးရ တာထဲတွင် ဆည်မြောင်းဥပဒ၊ လယ်ယာမြေဥပဒများကို ချိုးဖောက်၍ တရားမဝင်ပြုစုထားသော ပုစွန်ကွေးများအားမည်သို့ ဖယ်ရှားပေးပါမည်နှင့် (၃) ဥပဒေကို ချိုးဖောက်နေပါလျှက်နှင့် အရေးယူမဆောင်ရွက်ခြင်း၊ နီးစပ်ရာမြို့နယ်များတွင် အစိုးရတာများရှိ စပါးကွင်းများ ကို ပုစွန်ကွင်း ပြုလုပ်လာကြသည့်အတွက်  လူမှုဆိုးကျိုးများပေါ်ပေါက်နေသည်ကို သိရှိခြင်းရှိ/မရှိနှင့် ဤသို့မဖြစ်ရရန် မည်သို့ကာကွယ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။