(က)-အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းဆုံးရှုံး သွားသော ဆန်စပါးစိုက်ပျိုးမြေများအတွက် အစား ထိုးဖော်ထုတ်ရေးနှင့်ဆန်စပါးဖူလုံပိုလျှံရေးအတွက် မည်သို့စီမံဆောင်ရွက်လျက်ရှိသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်သူများအတွက် အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး ပြည့်စုံရေးအတွက် ကျိုးပမ်း ဆောင်ရွက်ကြသကဲ့သို့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်များ၊ ရပ်ကွက်အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံလိုအပ်ချက်တွင် စားနပ်ရိက္ခာဖူလုံရေးသည် အရေးပါသည့်အတွက် ပြည်သူများကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြသကဲ့သို့ နိုင်ငံအသီးသီးက အစိုးရအဖွဲ့များနှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ FAOR လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ဆန်ကို အဓိကစားသုံးသည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးဖူလုံမှုရှိစေရန်နှင့် ပိုလျှံသောဆန်ကို ကမ္ဘာ့နိုင်ငံအသီးသီးက စားနပ်ရိက္ခာ ဖူလုံခြင်းမရှိသေးသည့် နိုင်ငံများကို တင်ပို့နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိကာလ ဖူလုံမှုရှိနေသော်လည်း နှစ်စဉ်တိုးတက်လာမည့် လူဦးရေကို မျှော်မှန်းပြီး ဖူလုံမှုရှိစေရန် စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဆန်စပါးဖူလုံမှုပိုလျှံရှိစေရန်၊ စိုက်ဧကများ တိုးချဲ့နိုင်ရန်အတွက် ရေအောက်မြေသယံဇာတများဖော်ထုတ်ခြင်း၊ အားလပ်မြေများအား စိုက်ပျိုးထုတ်လုပ်လာနိုင်စေရန် စည်းရုံးတာဝန်ပေးဆောင်ရွက်ခြင်း၊ ရေကြီးကွင်းရေနက်ကွင်းများကို ရေတော်မိုးတော် စိုက်ပျိုးမြေများ ဖြစ်လာစေရန်၊ ရေနုတ်မြောင်များဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရာတွင် အဓိကလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေးရရှိရေးအတွက် ဆည်ရေသောက်မြေဧရိယာများ၊ မြစ်ရေတင်ဧရိယာများနှင့် မြေအောက်ရေ ရရှိရေးစီမံကိန်းများ အကောင်အထည်ဖော်ပေးခြင်းများနှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရှိပြီးစိုက်ပျိုးမြေများတွင် အကြိမ်ကြိမ်စိုက်ပျိုးနိုင်သော သီးနှံစိုက်စွမ်းအား တိုးမြှင့်လာစေရန်အတွက်လည်း အားပေးဆောင်ရွက်ခြင်း၊ အထွက်တိုးစေနိုင်မည့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပေးခြင်း၊ တောင်သူများ လက်လှမ်းမီသော စိုက်ပျိုးရေးနည်းစနစ်များ အသိပေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် လူတစ်ဦးပျမ်းမျှ စားသုံးနှုန်းသည် စပါး ၁၅ တင်းဖြစ်ပါကြောင်း၊ တိုးတက်နေသော လူဦးရေနှုန်းအရ ဖြစ်ပေါ်လာမည့် လူဦးရေ သန်း ၁၀၀ အတွက် ကြိုတင်မျှော်မှန်းပြီး စပါးတင်းသန်း ၁၅၀၀ ထွက်ရှိရေးအတွက် စနစ်တကျကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ဧကသည် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် မိုးတွင်းကာလဟာသည် စိုက်ပျိုးဧက ၁၆.၇၈၅၂၈၆ တွင် ရိပ်သိမ်းဧက ၁၆.၆၉၉၈၅၂ ဖြစ်ပြီး ပျမ်းမျှထွက်နှုန်း ၇၆.၈၂ တင်းဖြစ်သည့်အတွက် ထွက်တင်းပေါင်း ၁၂၈၂.၉၄၂၀၁၆ တင်းဖြစ်ပါကြောင်း၊ နွေစပါးစိုက်ဧက ၃.၀၉၉၅၅၄ ဧကတွင် ရိပ်သိမ်းဧက ၃.၀၉၆၅၀၈ ဖြစ်ပြီး ပျမ်းမျှထွက်နှုန်း ၈၉.၉၃၄ ဖြစ်သည့်အတွက် ထွက်တင်းပေါင်း ၂၇.၈၄၆၇၃၅၀ သန်းပေါင်းဖြစ်ပါကြောင်း၊ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း စပါး စုစုပေါင်းစိုက်ဧက ၁၉.၈၈၄၈၄၀ တွင် ရိပ်သိမ်းဧက ၁၉.၇၉၆၃၆၀ ဖြစ်သည့်အတွက် အထွက်နှုန်းပျမ်းမျှ ၇၈.၈၇ ဖြစ်သည့်အတွက် စုစုပေါင်းအထွက်တင်းပေါင်း ၁၅၆၂.၄၀၉၃၆၆ ဖြစ်သည့်အတွက် ပိုမိုတိုးတက်စေရန် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေရန် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေတွင် မိမိတို့ လုပ်ပိုင်ခွင့်ရသည့် လယ်မြေများကို အမွေဆက်ခံခြင်း၊ ပေါင်နှံခြင်း၊ မိမိတို့ ဆန္ဒအလျောက် အပြီးအပိုင်လွှဲပြောင်းခြင်းတို့ကို ပြုလုပ်ခွင့်ပြုထားသော်လည်း ထပ်ဆင့်လွှဲပြောင်း လက်ခံသူများသည် လယ်ယာမြေများကို စိုက်ပျိုးရေးမှတစ်ပါး အခြားနည်းလမ်းအားဖြင့် အလွယ်တကူအသုံးမပြုနိုင်ရန် တားမြစ်ထားပါကြောင်း၊ နိုင်ငံတော်၏ စီမံကိန်းအရ အခြားနည်း အသုံးပြုရမည်ဆိုပါက စပါးစိုက်ဧကများ လျော့နည်းဆုံးရှုံးမှုမရှိစေရန် အလေးထား ဆောင်ရွက်နိုင်ရေးအတွက် ပြဋ္ဌာန်းထားပါကြောင်း၊ ယခုအခြေအနေတွင် လယ်ယာမြေများအတွင်း လယ်ယာမြေများတွင် ခြံစည်းရိုးတိုင်များ စိုက်ထူမှုများအား တွေ့မြင်နေရခြင်း၊ အချို့သော ကျေးလက်ဒေသများတွင် နိုင်ငံတော်ကအသိအမှတ်ပြု စီမံကိန်းများနှင့် မသက်ဆိုင်သော တောင်သူများထံမှ လယ်ယာမြေများအား ဝယ်ယူပြီး မြေကွက်များဖော်ထုတ်၍ မြေပြန်လည် ရောင်းချနေခြင်းများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံသားများ အဓိကစားသုံးသီးနှံဖြစ်သော ဆန်စပါးဖူလုံပိုလျှံမှုရှိရေးအတွက် (၁) အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းဆုံးရှုံးသွားသော ဆန်စပါးစိုက်ပျိုးမြေများအတွက် အစားထိုးဖော်ထုတ်ရေးနှင့် ထပ်မံတိုးချဲ့ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ (၂) ဆန်စပါးစိုက်ပျိုးမြေများတွင် စီမံကိန်းမဟုတ်သော အခြားနည်းဖြင့် အသုံးပြုလျက်ရှိနေသူများအား ကာကွယ်တားဆီးရန် မည်သို့ဆောင်ရွက်ထားသည်နှင့် (၃) ဆန်ဖူလုံပိုလျှံရေးအတွက် မည်သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။