(ည)-ချောင်းဆုံမြို့နယ်ရှိ တောင်သူလယ်သမားများ တွေ့ကြုံနေရသော ရေကြီးရေလျှံခြင်း ဒုက္ခများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဆည်များတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးလှမောင် (ချောင်းဆုံ)ချောင်းဆုံမြို့နယ် ဒေသခံများအနေဖြင့် (၁) လယ်ယာလုပ်ငန်း၊ (၂) ဥယျာဉ်ခြံလုပ်ငန်း၊ (၃) မွေးမြူရေးနှင့် ရေလုပ်ငန်း၊ (၄) စက်မှုလုပ်ငန်းတို့်ကို အဓိကထားလုပ်ကိုင်ကြရပါကြောင်း၊  လယ်ယာလုပ်ငန်း အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ချောင်း၊မြောင်း ရေကာတာများကို ကောင်းမွန်အောင် ဂရုတစိုက် ဆောင်ရွက်ပေး လျက်ရှိပါသော်လည်း မိမိတို့ ဒေသသည် ရေနက်ကွင်းပေါများခြင်း၊ သံလွင်မြစ်စီးဆင်းသည့်မြစ်ဝတွင် စီးဆင်းနေခြင်း၊ ရေပတ်လည်ဝန်းရံထားသည့်ကျွန်း ဖြစ်နေခြင်း၊ ဒယ်အိုးသဖွယ် ပုံသဏ္ဍာန်ဖြစ်နေခြင်း၊ မိုးရေချိန်လက်မ ၂၀၀ ကျော်ရွာသွန်းသောဒေသဖြစ်ခြင်းတို့ကြောင့် ရေကြီး ရေလျှံသည့်ဒဏ်ကို နှစ်စဉ်နှစ်တိုင်းခံစားရပါသဖြင့် စိုက်ပျိုးသောစပါးများ ရေနစ်မြုပ်ပြီးစပါးမရရှိသော လယ်မြေများ နှစ်စဉ်အနည်းနှင့်အများ ဆောင်းနှင့်နွေရာသီ များတွင်လည်း  ဆည်ရေမရရှိပါသဖြင့် ဆောင်းသီးနှံနှင့် နွေစပါးတို့ကို စိုက်ပျိုးနိုင်ခြင်းမရှိကြသည့်အတွက် သုံးရာသီစလုံးတွင် လုပ်ငန်းမတွင်ကျယ်၊ တွက်ခြေမကိုက်ဖြစ်နေကြရကြောင်း၊ ဥယျာဉ်ခြံလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများတွင်လည်း သမရိုးကျနှင့် မိရိုးဖလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင်မျှသာ လုပ်ကိုင်နိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ အကျိုးရှိသင့်သလောက် မရှိဘဲ ဖြစ်နေပါကြောင်း၊ 

သို့ဖြစ်ပါ၍ ယင်းလုပ်ငန်းလေးမျိုးတို့သည် အောင်မြင်မှု ရာခိုင်နှုန်း အလွန်နည်းပါးသည့်အပြင် အချို့လုပ်ငန်းများတွေကို ရပ်ဆိုင်း လိုက်ရခြင်းတို့ကြောင့် ကျေးလက် ဒေသခံပြည်သူများတို့သည် အလုပ်လက်မဲ့ ဘဝသို့ ရောက်ရှိပြီး ဆင်းရဲနွမ်းပါးမှုဒဏ်ကို ပိုမိုခံစားနေကြ ရပါကြောင်း၊ တင်ပြလိုပါတယ်။

သို့ဖြစ်ပါသဖြင့် အဆိုပါ လုပ်ငန်းတို့အတွက် တိုးတက်မှုရှိသောနည်းစနစ်ကောင်းများကို နိုင်ငံတော်မှ ဦးဆောင်လမ်းညွှန်မှုပေးနိုင်ပါရန်နှင့်  ချောင်းဆုံမြို့နယ်ရှိ တောင်သူလယ်သမားများ တွေ့ကြုံနေရသော ရေကြီးရေလျှံသည့်ဒုက္ခများတို့ကို ကွင်းဆင်းလေ့လာတိုင်းတာပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင် ရွက်‌ပေးပါရန်နှင့် နွေရာသီသီးနှံများစိုက်ပျိုးနိုင်ရန် ဒေသ၏ဂေဟစနစ်မထိခိုက်စေဘဲ ဆည်များတည်ဆောက်ပေးနိုင်သော အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်းနှင့် အီအစဉ်ရှိပါက ဆောင်ရွက်ပေးမည့် ကာလတွင် မည်ကဲ့သို့ ဆောင်ရွက်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။