(ခ)-သက်တမ်းစေ့ အသက်ရှည် ကျန်းမာစွာ နေ ထိုင်နိုင်ရေးအတွက်ကျန်းမာရေးနှင့်ဆက်စပ်သော သက်ဆိုင်ရာ ဌာနများအားလုံး ပူးပေါင်းညှိနှိုင်း၍ စီမံဆောင်ရွက်မည့်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
ဗိုလ်မှူးကြီးမြတ်ခိုင် (တပ်မတော်သားကိုယ်စားလှယ်)
မြန်မာပြည်သူ/ပြည်သားများအားလုံး ကူးစက်ရောဂါမဟုတ်သော နာတာရှည်ရောဂါများကင်းဝေးပြီး လူတိုင်း သက်တမ်းစေ့ အသက်ရှည်ကျန်းမာနေထိုင်နိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးအခြေအနေ တိုင်းတာချက်များအတွက် ကျန်းမာရေးအညွှန်းကိန်းများ အသုံးပြုခဲ့ကြပါသည်။ အညွှန်းကိန်းတစ်ခုဖြစ်သည့် လူတို့၏ မျှော်မှန်းသက်တမ်း Life expectancy by WHO 2014 အရ မြန်မာအမျိုးသားများ ၆၆၊ အမျိုးသမီးများ ၇၀ နှင့် ပျမ်းမျှ ၆၈ နှစ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအလိုက် နံပါတ် ၁၃၇ ၌ ဖော်ပြခံရပါကြောင်း၊ လူတို့၏ မျှော်မှန်းသက်တမ်းကို လွှမ်းမိုးသော အဓိကအချက်များတွင် ကူးစက်ရောဂါများ၊ ကူးစက်မဟုတ်သော နာတာရှည်ရောဂါများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပါရှိရာ ယနေ့ ၂၁ ရာစုတွင် လူတိုင်းသည် စိတ်ဖိစီးမှုများစွာဖြင့် အလုပ်ချိန်များစွာ အလုပ်လုပ်ကြရခြင်း၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော နေရာများတွင် အလုပ်လုပ်ကြရခြင်း၊ မော်တော်ယာဉ်များဖြင့် သွားလာနေရသဖြင့် လမ်းလျှောက်မှုနည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းပြုလုပ်ရန် အချိန်မပေးနိုင်ခြင်း၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် နေထိုင်မှုမရှိခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ရမည့်ကို အလေးမထားခြင်း၊ အသင့်အစားများနှင့် လမ်းဘေးဆိုင်များတွင် အလွယ်တကူဝယ်ယူ စားသုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အကြော်ခံဆီ၊ ပြန်ကြော်ဆီများ၊ ဆိုးဆေးများ၊ ဓါတုပစ္စည်းများ အသုံးပြုခြင်း၊ ကြပ်မတ်စစ်ဆေးမှုအားနည်းခြင်း၊ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွင် အချိန်ကြာမြင့်စွာထိုင်ခြင်း၊ တီဗီ၊ အင်တာနက်အကြည့်များခြင်း၊ ညည့်နက်အချိန်မှ အိပ်ယာဝင်ခြင်း၊ လွဲမှားသော လူနေမှုအကျင့်များဖြစ်သည့် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဘာသာတရားရိုသေကိုင်းရှိုင်းမှု လျော့နည်းလာခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့များရှုနေရခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအလွဲ သုံးစွဲခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပညာပေးခြင်း အမျိုးမျိုးဆောင်ရွက်နေသော်လည်း ပြည်သူလူထု တစ်ရပ်လုံးက လိုက်နာဆောင်ရွက်ရန် အားနည်းခြင်းများတွေ့ရှိရပါကြောင်း၊
လူလတ်ပိုင်းအရွယ်များ အဝလွန်လာခြင်း၊ သွေးအတွင်းအဆီဓာတ်များခြင်း၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါစသည့် ကူးစက်မဟုတ်သော နာတာရှည်ရောဂါများ ပိုမိုဖြစ်ပွားလာပြီး နိုင်ငံတော်မှ ကျန်းမာရေး အသုံးစရိတ်များစွာ ကုန်ကျခံကုသပေးနေရခြင်း၊ သက်တမ်းမစေ့မီ သေဆုံးနေကြရသဖြင့် မိသားစုများ လူမှုဆိုးကျိုးများနှင့် ရင်ဆိုင်ရခြင်းစသည်တို့ကြောင့် ကူးစက်မဟုတ်သော နာတာရှည်ရောဂါ များကင်းဝေးပြီး လူတိုင်းသက်တမ်းစေ့ အသက်ရှည်ကျန်းမာနေထိုင်နိုင်ရေးအတွက် (က) ရေရှည်အားဖြင့် ကျန်းမာရေး ဝန်ကြီးဌာနတစ်ခုတည်းမှမဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံးညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/မရှိ (ခ) အစီအစဉ်ရှိမည်ဆိုပါက မည်သို့ပူးပေါင်းဆောင်ရွက်ရန် စီမံထားရှိပါသနည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။