(က)-စတီးဝဲလ်(သို့)လီဒိုလမ်းမကြီးအားအဆင့်မြှင့် တင်သွားရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေး ခွန်း
ကချင်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဖောက်လုပ်ခဲ့သော စတီးဝဲလ်လမ်းမကြီး (သို့) လီဒိုလမ်းမကြီးဟုခေါ်သည့် မဟာဗျူဟာလမ်းမကြီးသည် မြစ်ကြီးနား၊ စစ်ကိုင်းတိုင်းဒေသကြီးများမှ တစ်ဆင့် အိန္ဒိယသို့သွားလာနိုင်သော လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ယခင်အချိန်က နယ်မြေတည်ငြိမ်မှု မရှိခြင်း၊ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ ကျန်ရစ်ခဲ့ခြင်း တို့ကြောင့် ရာသီမရွေးနေ့ည သွားလာ နိုင်သော လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် တနိုင်း၊ ဆင်မွှေယန်၊ နန်းယွန်းမြို့နယ်များသည့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ ကျန်ရစ်ခဲ့ရပြီး ၎င်းလမ်းမကြီးကို အဆင့်မြှင့်တင်ပေးနိုင် မည်ဆိုပါက အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ(ထိန်ချုန်း)ခရိုင်နှင့် ဆက်စပ် လျက်ရှိသော ကန်ပိုက်တေး-၁၃၊ ဝိုင်းမော်ကားလမ်းကြီးကို တရုတ် နိုင်ငံအကူအညီဖြင့် ဖောက်လုပ်ပြီးစီးခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားရှိနိုင်ခဲ့ သည်ဖြစ်ရာ အဆိုပါလမ်းမကြီးနှင့် ဆက်စပ်လိုက်ပါက တရုတ်နိုင်ငံ(ထိန်ချုန်း)ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံ ကန်ပိုက်ကြီး-၁၃၊ ဝိုင်းမော်ျ၊ မြစ်ကြီးနား၊ တနိုင်း၊ ဆင်မွှေယန်၊ နန်းယွန်း၊ ပန်ဆောင်မှတစ်ဆင့် အိန္ဒိယသို့ သွားလာနိုင်သော လမ်းမကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်အပါ အထောက်အကူပြုမည့် တရုတ်-မြန်မာ၊ အိန္ဒိယကုန်သွယ်ရေး လမ်းကြောင်းကြီး တစ်ခု ဖြစ်ပေါ် လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် စတီးဝဲလ်လမ်းမကြီး သို့မဟုတ် လီဒိုလမ်းမကြီးကို အဆင့်မြှင့်တင်သွားရန် (သို့)BOT ဖြင့်ဆောင်ရွက်သွားရန် (သို့) တရုတ်-မြန်မာ၊ အိန္ဒိယနိုင်ငံ များ ပူးပေါင်း၍ လမ်းအဆင့်မြှင့်တင်သွားရန်အတွက် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။