(က)-လျှပ်စစ်အန္တရာယ်ကြောင့်နစ်နာသူ ပြည်သူ များအတွက်မည်သို့တာဝန်ယူဆောင်ရွက်ပေးသည် ကိုသိလိုခြင်းနှင့် နောင်တွင်လျှပ်စစ်အန္တရာယ်ကင်း ရှင်းစွာနေရေးအတွက်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

2020-12-16

ဦးခိုင်မောင်ရည် (အလုံ)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပတ်သက်ပြီးတော့မှ ဆွေးမြေ့လျှပ်စစ်ဓာတ်ကြိုးများ၊ ဟောင်းနွမ်းဓာတ် တိုင်များ၊ အန္တရာယ်ရှိ လျှပ်စစ်သွယ်တန်းမှု အသုံးပြုမှုများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးမှုများပြုလုပ်ခြင်းနှင့် ဝေဖန်ထောက်ပံ့မှုများ၊ သတိပေးမှုများအသီးသီးဖြင့် ပြည်သူ လူထု၏ ဘဝလုံခြုံမှုအတွက် အကြိမ်ကြိမ်တိုက်တွန်း ဆောင်ရွက်ခဲ့ခြင်းပြုလုပ်ခဲ့ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ ကတိကဝတ်အချို့ကို ပေးခဲ့ပါကြောင်း၊ သို့သော်လည်း လက်ရှိအ‌ခြေအနေတွင်  လျှပ်စစ်ဓာတ်ကြိုးများပြတ်ကျ၍ ဆုံးရှုံးထိခိုက်ခြင်း၊ လူ့အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းများကို အကြိမ်ကြိမ်ကြားသိခဲ့ရပါကြောင်း၊  

မိမိအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေဖို့အတွက် ကိုယ်အန္တရာယ် ကိုယ်ရှောင်ကြရန် လျှပ်စစ်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ အုပ်ချုပ်မှု Director ၏ လမ်းဖြတ်ကူးရင် ကားကိုကြည့်ရှောင်ရသလို ဓာတ်ကြိုးအောက် ရောက်သွားမည်ဆိုပါကလည်း ဓာတ်ကြိုးကိုကြည့်ရှောင်ရမည်ဆိုသည်ဟူသော သတိပေး စကားနှင့် ပတ်သက်၍လည်း ပြည်သူများအနေဖြင့် စိတ်ထိခိုက်မှုများ ဖြစ်ပေါ်ရပါကြောင်း၊ ဓာတ်ကြိုးများသည် မိုင်ပေါင်းများစွာရှိနေသည်ဖြစ်၍ မည်သည့်အချိန်တွင် ပြတ်ကျမည်ဆိုသည်မှာ မသိနိုင်သည့်အပြင် မြင်သည့် သူက အကြောင်းကြားပေးမှသာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ချက်ချင်းပြင်ရမည်ဟူသော  စကားရှိပါ ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ လျှပ်စစ်ဌာနက တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုသည်ဟု ထင်မိပါ ကြောင်း၊ ထို့ကြောင့် ပြည်သူများ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှုတွေကို အသက်ပါဆုံးရှုံးရမှု များကို ယခုနှစ်တွင် ဆက်တိုက်ဖြစ်ပေါ်နေရခြင်းသည် မည်သည့်အကြောင်းအရင်းကိစ္စကြောင့် ဖြစ်ပေါ် နေသည်ကို လည်းကောင်း၊ တာဝန်ရှိသူ အသီးသီးတို့မှ တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် ပြည်သူ့ရှေ့မှောက်တွင် ဝန်ခံမှုများရှိသင့်သကဲ့သို့ နောက်နောင် ဤကဲသို့မဖြစ်စေရေး အတွက် တာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ထားရှိမှုကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။