(ဂ)-ဂွမြို့ရှိ လေယာဉ်ကွင်းအဟောင်းအား ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ဂွမြို့နှင့်ကပ်လျက် ပင်လယ်ကမ်းခြေအနီးတွင် ပြေးလမ်း ပေ ၄၃၀၀ ကျော် ရှိသော လေယာဉ်ကွင်းရှိပါကြောင်း၊ ယင်းလေယာဉ်ကွင်းသည် ယခင်က အော်တာလေယာဉ်များသည် ၁၉၇၂ မှ ၁၉၈၃ ခုနှစ်ထိ ဆင်းသက်ခဲ့ ပါသော်လည်း ယခုအချိန်တွင် အသုံးမပြုသည်မှာ နှစ် ၃၀ ခန့်ရှိပြီဖြစ်သည့်အတွက် ရေလုပ်ငန်းပြုလုပ်သော ဝန်ထမ်းများ ဖြတ်သန်း အသုံးပြုနေခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း၊ ဘေးပတ်ဝန်းကျင်တွင် အိမ်ရာများတိုးပွားနေ ပါကြောင်း၊ ယခင်က လေယာဉ်များ ရပ်နားသည့်နေရာတွင် ယခုအခါ အဆောက်အဦများ ဆောက်လုပ် ထားရှိပြီး ဖြစ်ပါကြောင်း၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ ၂၇-၉-၂၀၁၃ မှ ၃၀-၉-၂၀၁၃ ထိ ကွင်းဆင်းစစ်ဆေးခြင်းအရ ယခင် ၁၉၇၀၊ ၁၉၈၀ ခုနှစ် စာရင်းမြေပုံအရ လေယာဉ်ကွင်းသည် ၁၀၉.၁ ဧကရှိသော်လည်း ယခုအခါများစွာ လျော့နည်းလျက် ရှိပါကြောင်း၊ မြို့နှင့် အနီးကပ်ဆုံးနေရာမျိုးတွင် ယခုကဲ့သို့ လေယာဉ်ကွင်း ရရှိရန် မလွယ်သည့်အတွက် လေယာဉ်ကွင်းကို ယခုအတိုင်း ထားရှိမည်ဆိုပါက သုံးမရတော့အောင် ပျက်စီးသွားနိုင်သည့် အနေအထားရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်ကွင်းအား ပိုမိုပျက်စီးမသွားစေရန် ခြံစည်းရိုးများ ကာရံခြင်းလုပ်ငန်းများကို ဖြည့်တင်းထားသင့်ပါကြောင်း၊ လေယာဉ်ကွင်းကို လေယာဉ်များ ဆင်းသက်၍ရစေရန် စနစ်တကျ လုပ်နိုင်မည်ဆိုပါက ကမ်းသာယာအပန်းဖြေစခန်းကို နိုင်ငံခြားမှ ခရီးသည်များ လာရောက်နိုင်မည့်အပြင် ဂွမြို့နယ်နှင့် အနီးရှိ ကမ်းလွန်ရေနံတွင်းလုပ်ငန်းများသည် ရေနံထွက်လာသည့်အခါ Access Transport Airstrip အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ဂွမြို့ရှိလေယာဉ်ကွင်းဟောင်းအား နိုင်ငံတော်မှ ထိန်းသိမ်းထားရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။