(ဂ)-စိုက်ပျိုးစရိတ်ချေးငွေစည်းကမ်းချက်များအားသီးနှံ များ ပျက်စီးဆုံးရှုံး၍ ပြန်လည်ပေးဆပ်ရန်အခက်အ ခဲဖြစ်နေသောလယ်သမားများအတွက် ဖြေလျော့ပေး ရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဒေါက်တာအောင်သန်း (ရွှေဘို)စိုက်ပျိုးစရိတ်ချေးငွေတွေကို နွေစပါးစိုက်ပျိုးရန် အတွက် အောက်တိုဘာလမှ ဇန်နဝါရီလအထိ အချိန်ကာလသတ်မှတ်ပြီး ချေးပေး၍ ဇွန်လ ကုန်မှ ပြန်ဆပ်ရမည်ဖြစ်ပါကြောင်း၊ နွေစပါးအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ပြန်မဆပ်နိုင်ပါက မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်မပေးခြင်းမပြုပါကြောင်း၊ သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ၊ ပိုးမွှား ကြောင့်ဖြစ်စေ သီးနှံပျက်စီးထားသော လယ်သမားများမှာ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေရရှိဖို့အတွက် ငွေရှင်ကြေးရှင်များထံမှနေပြီးတော့ အတိုးကြီးပေး ငွေချေးပြီး နွေစပါးစိုက်ပျိုးချေးငွေတွေကိုဆပ်၍  မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ရမည်ဖြစ်ပါကြောင်း၊ သို့သော် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ချက်ခြင်းပြန်မရဘဲ နှစ်လ၊ သုံးလခန့်ကြာသည့်အတွက် စပါးစိုက်ရချိန်နောက်ကျပြီး နည်းနည်းနောက်ကျပြီးတော့ အတိုးကလည်းတက်သည့်အတွက် လယ်သမားများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေ ရပါကြောင်း၊

သို့ဖြစ်ပါ၍ မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေ ပေးသွင်းပြီးမှ ထုတ်ချေးမည်ဆိုသော စည်းကမ်းချက်အား သဘာဝဘေးဒဏ်ကြောင့်လည်းကောင်း၊ ပိုးမွှားများကြောင့် လည်းကောင်း သီးနှံများပျက်စီးဆုံးရှုံး၍ ပြန်လည်ပေးရန်အခက်အခဲဖြစ်နေသော လယ်သမားများအတွက် ဖြေလျှော့ပေးရန် သို့မဟုတ် အခြားမည်သို့မည်ပုံကူညီဆောင်ရွက်ပေးနိုင် မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။