(ဃ)-ဗိုလ်တထောင်မြို့နယ်CODဝင်းမြေကွက်များ၏ မူလမြေပိုင်ဆိုင်မှုအထောက်အထားမှန်ကန်သူပြည် သူများနှင့် မည်သည့် အချိန်ကာလတွင် တွေ့ဆုံ ညှိနှိုင်းပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိထားသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရ မည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ကြည်တင်သွင်းသည့် ပဋိပက္ခအသွင်ဆောင်သည့် ထူးခြားဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်လာမှု မရှိစေရေးအတွက် မြေယာသိမ်းဆည်းခံရမှုကိစ္စများကို အလေးအနက်ထား ဖြေရှင်းဆောင်ရွက်ပေးရေးအဆိုကို ၉-၇-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုပြီးဖြစ် ပါကြောင်း၊ ယင်းအဆို အပိုဒ် ၅ တွင် ဗိုလ်တထောင်မြို့နယ် COD ဝင်းမြေနေရာ သိမ်းဆည်းထားခြင်း ကိစ္စနှင့်ပတ်သက်၍ မူလမြေပိုင်ရှင်များအား ဆောက်လုပ်ဆဲ တိုက်ခန်းများတွင် အခမဲ့ချထားခြင်း၊ သင့်လျော်သည့်လျော်ကြေး၊ နစ်နာကြေးပေးခြင်းများကို ကာယကံရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ဖော်ပြပါရှိပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကြယ်ပွင့်မပြမေးခွန်းမေးခဲ့ရာ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ဆောက်လုပ်ရန် စီမံကိန်းရှိကြောင်း၊ ၎င်းစီမံကိန်းပြီးပါက မူလမြေပိုင်ဆိုင်မှု အထောက် အထားပိုင်ဆိုင်သူများအား Plus ခွဲ၍ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြောင်း ပြန်ခဲ့ပါကြောင်း၊ ၎င်းဖြေကြားချက်ကို သုံးသပ်ကြည့်လျှင် နှစ်ပေါင်းများစွာနစ်နာဆုံးရှုံးနေရသော မြေ သိမ်းခံပြည်သူများ အနေဖြင့် နှစ်ချီ၍ကြာမည်ဖြစ်သော စီမံကိန်းတစ်ခု ထပ်မံစောင့်ရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ အချို့သော စီမံကိန်းများသည် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာ နေရသည်များရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ မြေသိမ်းခံပြည်သူများအနေဖြင့် လောလောဆယ်လက်တွေ့ဆန်သည့် နှစ်ဦးနှစ်ဖက် သင့်တင့်မျှတသည့် ဖြေရှင်းဆောင်ရွက်မှုများကို လိုလားသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ (က) ဖြေရှင်းမှုကြန့်ကြာ နှောင့်နှေးလာသည်နှင့်အမျှ ပြည်ထောင်စုလွှတ်တော်လယ်ယာမြေကော်မရှင်က ထောက်ပြစိုးရိမ်သည့် ပဋိပက္ခအသွင်ဆောင်သောဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လာနိုင်ခြင်းကို ရှောင်ရှားရန်လည်းကောင်း၊ (ခ) မူလမြေပိုင်ဆိုင်မှု အထောက်အထားမှန်ကန်သူ ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာနစ်နာ ဆုံးရှုံးခဲ့ကြသူများ ဖြစ်သည့်အပြင် လူမှုရေး၊ ကျန်းမာရေး အခက်အခဲကြီးစွာ ကြုံတွေ့နေကြသူများ ပါဝင်နေ၍လည်းကောင်း၊ (ဂ) အထူးသဖြင့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက် နေ့က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက မြေယာကိစ္စများနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအနေနှင့် ကြန့်ကြာမှုများ၊ နှောင့်နှေးမှုများမရှိအောင် ဆောင်ရွက်ကြရန်နှင့် ပြည်သူများအားကိုး ယုံကြည်သည့်အစိုးရအဖြစ် သမိုင်းတွင်ကျန်ရစ်စေရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း မိန့်ကြားချက်နှင့် အညီဖြစ်ရန်လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အထက်ဖော်ပြပါ ကော်မရှင်၏အဆို အပိုဒ် ၅ ပါ သင့်လျော်သည့်လျော်ကြေး၊ နစ်နာကြေးပေးခြင်း များကို ကာယကံရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း ဆိုသည်နှင့်အညီ ဗိုလ်တထောင် မြို့နယ် COD ဝင်းမြေ 9L ၊ 9L1၊ 9K မြေကွက်များ၏ မူလမြေပိုင်ဆိုင်မှုအထောက်အထားမှန်ကန်သူ မြေသိမ်းခံပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ နှစ်ဦးနှစ်ဖက် အကျေအလည် တွေ့ဆုံညှိနှိုင်းပြီး နှစ်ဖက်သဘောတူ သင့်တင့်မျှတသည့် အဖြေ၊ ဆုံးဖြတ်ချက်ရရှိနိုင်ရန် မည်သည့်ကာလတွင် အမြန် ဆုံးတွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါက မည်သည့်အကြောင်းကြောင့် မရှိသည်၊ ရှိပါကမည်သည့်ကာလတွင် ညှိနှိုင်း၍ မည်သည့်အချိန်တွင် နှစ်ဖက်သဘောတူ သင့်တင့်မျှတ၍ လက်တွေ့ဆန်သော အဖြေရရှိသည်အထိ အပြီးသတ် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။