(က)-အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် သီးခြားလွတ်လပ်သည့်အဖွဲ့ဖြစ်၊မဖြစ်နှင့် ကော်မရှင် ၏ဆောင်ရွက်မှုကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေး ခွန်း

2020-12-16

ဦးကျော်ဝင်း (ကန်ကြီးထောင့်) အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် သီးခြားလွတ်လပ်သည့် အဖွဲ့တစ်ခု ဖြစ်ရမည်ကြောင်းနှင့် လူ့ အခွင့်အရေးချိုးဖောက်မှု၊ တိုင်ကြားမှုများ လက်ခံစစ်ဆေးပေးခြင်း၊ တရားဥပဒေစိုးမိုးမှုရှိဖို့အတွက် လူ့အခွင့်အရေးကိုကာကွယ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးဟူသော ဝေါဟာရကို တွင်ကျယ်စွာ သုံးစွဲနေသော်လည်း ဥပဒေစိုးမိုးရေး Rule of Law မဟုတ်ဘဲ ဥပဒေနှင့် အုပ်ချုပ်သော Rule by Law သာဖြစ်နေသည်ဟု ဆိုကြပါကြောင်း၊ ဥပဒေကိုခုတုံးလုပ်ပြီး အတင်းအကျပ်ဖန်တီးခြင်း၊ လုပ်သမျှသည် ဥပဒေဖြစ်တယ်ဆိုသဘောနှင့် ဆောင်ရွက် ခြင်းများလည်း အောက်ခြေတွင် ရှိနေသကဲ့သို့ နိုင်ငံတော်အကြီးအကဲများကလည်း ဥပဒေအထက်တွင် မည်သူမျှ မရှိဘူးဆိုသည့် မိန့်မှာစကားအတိုင်း ဆောင်ရွက်နေကြခြင်းများလည်း ရှိပါကြောင်း၊ (၁) မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အစိုးရ၏လက်နက်ကိရိယာတစ်ခု သို့မဟုတ် သီးခြားလွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ကြောင်း သိရှိလိုပါ၍ ဖြေကြားပေးပါရန်၊ (၂) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ဆောင်ရွက်မှု  အကျဉ်းချုပ်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။