(င)-ပုသိမ်မြို့၊ ပြည်တော်သာအိမ်ရာများကို ဖျက်သိမ်းရန် စီစဉ်နေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးဝင်းမြင့် (ပုသိမ်)

ဦးဝင်းမြင့် (ပုသိမ်)ပုသိမ်မြို့တွင် ၁၉၅၇-၁၉၅၈ ခုနှစ်က  ပြည်တော်သာစီမံကိန်းအရ ဝင်ငွေနည်းသည့် အများပြည်သူ နေထိုင်ခွင့်ရရန် ရည်ရွယ်၍ ၂၆ ဧက ခန့် အကျယ်အဝန်းရှိသော ပြည်တော်သာအိမ်ရာဆောက်လုပ် ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနပိုင် ဖြစ်သော ပြည်တော်သာ အိမ်ရာသည် လေးခန်းတွဲ ၂၅ လုံးနှင့် တစ်ထပ်လုံးချင်း ၁၅၀ ရှိပြီး အကြီးစားပျက်စီးမှုများမရှိဘဲ  အကယ်၍ ရှိပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၂/၈၆) နှင့်အညီ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ ဌာန၏ ပုံသေပိုင်ပစ္စည်းစာရင်းများမှ ပယ်ဖျက်ရန် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သဘောထားမှတ်ချက်ရရှိမှသာလျှင် အဆောက်အဦများကို ဖြိုဖျက်ရမည်ဖြစ်ပါကြောင်း၊ မနောသုခအိမ်ရာ စီမံကိန်းဆိုပြီး ပြန်လည်ဆောက်လုပ်မည် ဆိုလျှင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ အတည်ပြုချက်ရယူရမည်ဖြစ်ပါသည်။ ထိုစီမံကိန်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိ၊ ဌာနအတွက် အကျိုးအမြတ်အများဆုံးပေးနိုင်သူကို ယှဉ်ပြိုင်ရွေးချယ်ခွင့်လည်းမရှိ၊ ပြည်တော်သာတိုင်ခန်းတွေ အိမ်ထောင်စုစာရင်း  ၃၅၀ ခန့်ရှိ ပြည်သူများနှင့် ညှိနှိုင်းဆွေးနွေး သဘောတူညီချက်ရယူမှုများ မရှိဘဲ ယခုအခါ အခန်းပိုင်ရှင်များမသိဘဲ ဖျက်သိမ်းခံရသည့်အခန်း လေးခန်းရှိပါကြောင်း၊ ထိုသို့ သော့ဖျက်ဝင်ပြီး အိမ်တွင်းမှ ပရိဘောဂများကို အိုးအိမ်ဦးစီးဌာနသို့ သယ်ဆောင်ခဲ့ခြင်းသည် ဥပဒေအရ ရာဇဝတ်ပြစ်မှုမြောက်ပါကြောင်း၊ ထပ်မံဖျက်သိမ်းရန် အခန်းငါးခန်းကို လည်း Notice ပေးထားသည့်အပြင် ကျန်အခန်းများကို ယခုကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ဟု အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်ကိုလည်း ကြားသိရပါကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီက ရရှိမည့် နှစ်ထပ်လုံးချင်း (၆၀ ပေ x ၆၀ ပေ) ၈၀ လုံးအတွက် သက်ဆိုင်ရာအာဏာပိုင်က မြေငှားဂရန်ထုတ်ပေးရန် ဆုံးဖြတ်ထားကြောင်းကို သိရှိရသည့်အတွက် ဌာနပိုင် မြေကို ပုဂ္ဂလိကမြေသို့ အပြီးအပိုင်တန်ဖိုးမဲ့လွဲပြောင်းပေးသကဲ့သို့ ဖြစ်နေပါကြောင်း၊  အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် ကုမ္ပဏီသို့ ဌာနပိုင်မြေကိုပေးရန် မလိုအပ်ဘဲ အဆောက်အဦပေါ်တွင် အကျိုးအမြတ်ကိုသာ ခွဲဝေပေးခြင်းမျိုးဖြစ်တတ်ပါကြောင်း၊  ထို စီမံကိန်း လုပ်ငန်းကြောင့် မည်မျှ အကျိုးအမြတ်ရှိသည်/ မရှိသည်ကို တာဝန်ယူစစ်ဆေးသော အဖွဲ့ အစည်းများရှိ/မရှိဆိုသည်ကိုလည်း  ပြည်သူများလည်း မသိရှိရပါကြောင်း၊

ထို့ကြောင့်  ပြည်တော်သာအိမ်ရာစီမံကိန်းနှင့် စပ်လျဉ်း၍ (က) မူလပြည်တော်သာအိမ်ရာ များကို ဖျက်သိမ်း၍ ကုမ္ပဏီဖြင့် အကျိုးတူလုပ်ငန်းများ ဆောင်ရွက်နေမည်ကို ပြည်ထောင်စုအစိုးရက သဘောတူ ခွင့်ပြုခြင်းရှိ/မရှိ၊ (ခ) ယင်းအိမ်ရာများနေပြည်သူများကို ဖယ်ရှားခြင်း၊ အဆောက်အဦများ ကို ဖျက်သိမ်းရန် စီစဉ်နေခြင်းတို့မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၂/၈၆) နှင့် ညီညွတ်မှုရှိ/မရှိ။ (ဂ) ယင်းပစ္စည်းများကို ထုခွဲရောင်းချ ခြင်းကြောင့် ရရှိငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ထည့်သွင်းခြင်းပြု/မပြု။ (ဃ) ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ခြင်းရှိ/မရှိ။ (င) ပြည်တော်သာအိမ်ရာတွင် တရားဝင် လက်ရှိ နေထိုင်ကြသော ပြည်သူများဆက်လက် နေထိုင်ခွင့်ရရှိရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။