(ဃ)-အခြေခံပညာကျောင်းများ၌အစားအသောက် အန္တရာယ်ကင်းရေးစီမံချက်အားမည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက် မည်ကို သိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဗိုလ်မှူးရဲစိုး (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးရဲစိုး (တပ်မတော်သားကိုယ်စားလှယ်) မိမိနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားပညာရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ်အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင်သာယာလှပသန့်ရှင်းရေး၊ ဘေးကင်းလုံခြုံရေး များတွင် အစိုးရဌာနများ၊ ပုဂ္ဂလိမအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချသောမုန့်နှင့် စားသောက်ကုန်များကို လေ့လာကြည့်ရာ တရုတ်နိုင်ငံမှထုတ်သော မုန့်နှင့် စားသောက်ကုန်များ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံထုတ်စားသောက်ကုန်များသည် ဒုတိယ အများဆုံဖြစ်ပြီး ပြည်တွင်းထုတ်စားသောက်ကုန်များသည် တတိယနေရာတွင်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုသို့ရောင်းချသော စားသောက်ကုန်များကို တိကျစွာစစ်ဆေးပြီး ကျောင်းသားကျောင်းသူများ စားသုံးရန်မသင့်သော မုန့်နှင့် စားသောက်ကုန်များကို ထိရောက်စွာတားမြစ်သင့်ပါသဖြင့် အခြေခံပညာကျောင်းများ၌ အစားအသောက်အန္တရာယ်ကင်းရှင်းရေးစီမံချက်ကို မည်သည့်အချိန်တွင် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်၊ စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မည်သည့်ဝန်ကြီးဌာနများ၊ မည်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။