(က)-ဖလမ်းမြို့ ရာပြည့်ဘောလုံးကွင်းတွင် မီတာ ၄၀၀ ပြေးလမ်းငါးခုရှိသော စံချိန်မီဘောလုံးကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

ချင်းပြည်နယ်၊ ဖလမ်းမြို့သည် ဖလမ်း၊ တီးတိန်း၊ တွန်းဇံ စသည့် မြို့နယ်သုံးခုဖြင့် ဖွဲ့စည်းထားသော ခရိုင်မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ဖလမ်းမြို့တွင် ရပ်ကွက်ရှစ်ခုရှိပြီး လူငယ်အားကစားလေ့ကျင့် အသုံးပြု နိုင်ရန်အတွက် ဘောလုံးကွင်းငယ်သုံးခုရှိရာ အလျား ၅၃၉ ပေ၊ အနံ ၃၄၁ ပေကျယ်သော စံချိန်မီ ဘောလုံးကွင်းတစ်ခုသာရှိပြီး ပြေးလမ်းပါသော စံချိန်မီဘောလုံးကွင်းမရှိသေး၍ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ဖလမ်းမြို့သည် ၁၈၉၂ ခုနှစ်တွင် စတင်တည်ထောင်သော သက်တမ်းကြာမြင့်ပြီ ဖြစ်သော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်သည် ပထဝီအနေအထားအရ တောင်ကုန်း တောင်တန်း ပေါများသောဒေသဖြစ်သဖြင့် ဘောလုံးကွင်းတစ်ကွင်းရရှိရန် အလွန်ခက်ခဲလျက် ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် အားကစားကဏ္ဍသည်လည်း အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ ဖလမ်းခရိုင်တွင် မြို့နယ်အလိုက် အားကစား ပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများ၊ ဌာနဆိုင်ရာအလိုက်အားကစားပြိုင်ပွဲများ ကျင်းပရာ တွင် ဖလမ်းမြို့ပေါ်ရှိ လက်ရှိအားကစားကွင်းများကို အသုံးပြု၍ ကျင်းပနေကြပါကြောင်း၊ ယခုအခါ အားကစားကဏ္ဍတွင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ရင်ဘောင်တန်းပြီး ဖွံ့ဖြိုး တိုးတက်နိုင်စေရန် ဖလမ်းမြို့တွင်ပြေးလမ်းပါသော စံချိန်မီဘောလုံးကွင်းတည်ဆောက်ပေးရန် ပြည်သူ များ လိုလားတောင့်တလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဖလမ်းမြို့ရှိ လက်ရှိရပြီးဘောလုံးကွင်းကို မီတာ ၄၀၀ ပြေးလမ်းငါးခုပါသော စံချိန်မီဘောလုံးကွင်းအဖြစ် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။