(ဇ)-ပန်ဝါမြို့နယ်ထွန်းရှိန်၊ ရှိးကျန်ကျေးရွာချင်းဆက်လမ်းအား ကျောက်ခင်းလမ်းအဖြစ်နှင့် လုတ်နော့ဂျန်၊ လှိုင်ဂမ်ကျေးရွာချင်းဆက်လမ်းကို မြေသားလမ်းအဖြစ်သို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးဇုံးတိန့် (ချီဖွေ)ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသ ပန်ဝါမြို့နယ်ကို ယခင်အစိုးရမှ ယုံကြည်မှုတည်ဆောက်ကာ ငြိမ်းချမ်းရေးရယူ၍ ဖွံ့ဖြိုးရေးဇုန်နယ်တစ်ခုအဖြစ် ရည်ရွယ်ဖော်ဆောင်ထားခဲ့ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုလည်း မြင့်မားနေသော တောင်ပေါ်ဒေသဖြစ်သည့်အလျောက် ပြည်သူများမှလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ကို လိုလား၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူခဲ့ကြပြီဖြစ်ပါကြောင်း၊ သို့သော် ယနေ့အထိ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တံတားနှင့် လူကူးကြိုးတံတားများ ဆောင်ရွက်ပေးမှုရှိသော်လည်း ရွာချင်းဆက်လမ်းအပိုင်းတွင် ဆောင်ရွက်ပေးမှု အားနည်းလျက်ရှိနေပါကြောင်း၊ ဒေသခံပြည်သူများမှလည်း ရွာချင်းဆက်လမ်းများကို ကိုယ့်အားကိုယ်ကိုး အတိုင်းအတာအဆင့်ဖြင့်သာ နှစ်သိမ့်နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်စပ်ဒေသ ပန်ဝါမြို့နယ်ရှိ ထွန်းရှိန်ကျေးရွာမှ ရှီးကျန်ကျေးရွာဆက် ကိုယ့်အားကိုယ်ကိုးဆိုင်ကယ်လမ်းကို ကျောက်ခင်းလမ်းအဆင့်နှင့် လုတ်နော့ဂျန်ကျေးရွာမှ လှိုင်ဂမ်ကျေးရွာ ဆက်သွယ်သောလမ်းကို မြေသားလမ်းအဆင့်များသို့ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။