(ဃ)-ဟုမ္မလင်းမြို့နယ်၊ နန်တော တိုက်နယ်ဆေးရုံအား စံကိုက်တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

နန်တောကျေးရွာရှိ နန်တောတိုက်နယ်ဆေးရုံသည် ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ဆေးရုံမှ ၃၈ မိုင်ကျော် ကွာဝေးပြီး မိုးရာသီတွင် ဥရု ရေကြောင်းကိုသာ အသုံးပြုသွားလာနေရပါကြောင်း၊  ဟုမ္မလင်းမြို့နယ်တွင် လူဦးရေသိပ်သည်းမှုအများ ဆုံးနှင့်ဖွံ့ဖြိုးတိုးတက်ဆုံးဒေသလည်းဖြစ်ပါကြောင်း၊  နန်တောတိုက်နယ် ဆေးရုံ၏ အကျိုးပြုဧရိယာသည် ၂၆၅၀ စတုရန်းမိုင်ကျယ်ဝန်းပြီး ကျေးရွာပေါင်း ၆၄ ရွာ၊ အိမ်ခြေပေါင်း ၇၀၂၄ အိမ်၊ လူဦးရေ  ၄၂၇၁၉ ဦးတို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နေရပါ ကြောင်း၊ ၎င်းအကျိုးပြုဧရိယာတွင် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကွက်များ ရှိသဖြင့် ရွှေမျှောလုပ်သား များသည် ရွှေ့ပြောင်းလုပ်သားများအဖြစ် လာရောက်နေထိုင်ကြသည့်အတွက် ကျန်းမာရေး စောင့်ရှောက် ပေးနေရသည့် လူဦးရေသည် ၅၀၀၀၀ ၏ အထက်တွင်ရှိနိုင်ပါကြောင်း၊ နန်တောအုပ်စုတစ်ခုထဲတွင် လူဦးရေ ၁၁၈၀၀ ရှိပါကြောင်း၊ ၆-၄-၂၀၁၅ ရက်နေ့ ဟုမ္မလင်းမြို့ အား/ကာခန်းမမှာပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဟုမ္မလင်းပြည်သူလူထုတွေ့ဆုံပွဲတွင် နန်တောတိုက်နယ်ဆေးရုံအား ၁၆ ခုတင်ဆံ့မှ ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် တင်ပြထားခဲ့ကြပြီး ဆေးရုံသစ်တည်ဆောက်နိုင် ရန်အတွက် မြေလွတ်မြေရိုင်း ၁၁.၆၂ ဧကအသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ ထားပြီး လည်းဖြစ်ပါကြောင်း၊ ယခုအသုံးပြုနေသည့် နန်တောတိုက်နယ်ဆေးရုံအဆောက်အအုံသည် နန်တောစံပြ ကျေးရွာနေ ဒေါ်အုန်းချယ် မိသားစုမှ သား စိုင်းဖေတင်အားရည်စူးပြီး မြေဧရိယာအလျား ၃၀၀/၂၉၀ ပေx အနံ ၁၇၄/၁၀၀ ပေအကျယ်တွင် ဆောက်လုပ်ခဲ့ပြီး ၂၁-၂-၁၉၉၂ ရက်နေ့တွင်နိုင်ငံတော် အစိုးရကို လွှဲပြောင်းလှူဒန်းခဲ့ပါကြောင်း၊ ပုဂ္ဂလိကဆောက်လုပ်လှူဒါန်းထားသည့် ဆေးရုံဖြစ်သည့် အတွက် ယခုခေတ်စံချိန်စံညွှန်းနှင့်ကိုက်ညီခြင်းမရှိတော့သလို ဆေးရုံသက်တမ်းသည် ၂၅ နှစ်ကျော် လာပြီဖြစ်သည့် အတွက် ဆွေးမြည့်ပျက်စီးလာပြီး အင်္ဂတေများ ပေါက်ကွဲကွာကျလျက်ရှိသည့်အတွက် ဆေးရုံတက်ရောက်ကုသနေကြသည့် လူနာများအတွက် အန္တရာယ်ရှိနေပါကြောင်း၊ ဟုမ္မလင်းဒေသသည် ငလျင်စိုးရိမ်ရသော ပျက်ရွှေ့ဇုန်အတွင်းမှာတည်ရှိနေတာအတွက် အဆောက်အဦသည် များစွာအန္တရာယ် ရှိပါကြောင်း၊ ဥရုချောင်းရေကြီးလျှင် ဆေးရုံအဆောက်အအုံအတွင်း ရေများဝင်ရောက်လာသည့်အတွက် လူနာများကို ရေလွတ်သည့်နေရာကို ရွှေ့ပြောင်းကုသနေရပြီး ဆရာဝန်တစ်ဦးသာရှိသည့်အတွက် မနိုင်ဝန်ထမ်းနေရသဖြင့် ဆရာဝန်တစ်ဦးတိုး၍ ခန့်ထားပေးရန် တောင်းဆိုလိုပါကြောင်း၊ ထို့ကြောင့် နန်တောတိုက်နယ်ဆေးရုံကို စံကိုက်တိုက်နယ် ဆေးရုံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးမည် ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။