(စ)-ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရသေ့တောင်မြို့နယ်တွင် လူဦးရေ နှစ်သိန်းလေးသောင်းနေထိုင်လျက်ရှိပြီး ၂၅ ခုတင်ဆေးရုံတစ်ရုံ တည်ရှိ ပါကြောင်း၊ လောင်းချောင်းတိုက်နယ်ဆေးရုံသည် ရသေ့တောင်မြို့၏ တောင်ဘက်အစွန်တွင်ရှိပြီး ၁၂ မိုင် ကွာဝေးပါကြောင်း၊ လောင်းချောင်း တိုက်နယ်အနီးပတ်ဝန်းကျင်တွင် ရွာပေါင်း ၃၄ ရွာရှိပြီး အရေးတကြီး နေမကောင်းဖြစ်လာပါက လှိုင်းလေထန်သည့် မေယုမြစ်ကို ဖြတ်သန်းပြီး ရသေ့တောင်ဆေးရုံ၊ စစ်တွေမြို့ရှိ ဆေးရုံကြီးများသို့ သွားရောက် ကုရပါကြောင်း၊ ထို့သို့သွားရောက်သည့်အခါ အချိန် တစ်နာရီ၊ တစ်နာရီခွဲ၊ နှစ်နာရီလောက်ကြာမြင့်ပါကြောင်း၊ လှိုင်းလေထန်သည့် မိုးရာသီတွင် မေယုမြစ်ကို ဖြတ်ကျော် ရန်အတွက် အချိန်ကြာစောင့်ဆိုင်းပြီးမှ သွားရသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ရပြီး အချိန်မီ မရောက်သည့်အတွက် မသေသင့်ဘဲသေကြရသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် လောင်းချောင်း တိုက်နယ်ကျေးရွာအနီးအနားရှိ ကျေးရွာတော်တော်များများသည် တစ်ရွာနှင့်တစ်ရွာ မော်တော်ဆိုင်ကယ် များ၊ ထော်လာဂျီများ၊ မော်တော်ကားများနှင့် သွားလာနိုင်ကြသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါ ကြောင်း၊ထို့ကြောင့် တိုက်နယ်ဆေးရုံတစ်ရုံတည်ဆောက်ပေးမည်ဆိုပါက လောင်းချောင်း ရှိ ဒေသခံရွာသူ / ရွာသားများနှင့် ပတ်ဝန်းကျင်တွင်ရှိသည့် ၃၄ ရွာမှာ ရွာသူ/ရွာသား များအတွက် ကျန်းမာရေး အထောက် အကူ စောင့်ရှောက်မှုဖြစ်နိုင်မည်ဖြစ်သည့်အတွက် လောင်းချောင်းကျေးရွာကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် တိုက်နယ်ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။