(ဃ)-ဖွံ့ဖြိုးမှုနောက်ကျသောဝေးလံခက်ခဲဒေသများ ၏ပညာရေး (အရည်အသွေး) နိမ့်ကျနေမှုကို ဖွံ့ဖြိုး ပြီးဒေသများနှင့်ကွာဟချက်နည်းပါးစေရေးမည်သို့မြှင့် တင်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-16

ဒေါ်နန်းနွံ (ရှားတော)ပညာရေးကဏ္ဍတွင် ပညာရည်မြင်‌့မားရန်အတွက် ဘက်စုံထောင့်စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဖွံ့ဖြိုးမှုနောက်ကျသည့် ဝေးလံ ခက်ခဲသည့် ဒေသများမှာလည်း ထိုသို့သော မြှင့်တင်ဖြည့်ဆည်းပေးမှုများကို အထိုက်အလျောက် ရရှိခံစားရပါကြောင်း၊ သို့သော်လည်း ဝေးလံခက်ခဲပြီး အစဉ်အဆက် ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သည့် အတွက် ကျောင်းမရှိသောရွာများ ရှိနေသေးခြင်း၊ အချို့ရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် ဆရာငှားရမ်းသင်ကြားနေရခြင်း၊ မူလတန်းအဆင့်ပြီးဆုံးပြီး အလယ်တန်းသို့ တက်ရောက်ရန် အခက်အခဲများရှိနေခြင်း၊ အထက်တန်းသို့ တက်ရောက်နိုင်သူများအတွက်လည်း ပြီးဆုံးအောင်မြင်သူနည်းပါးနေခြင်း၊ စာမေးပွဲအောင်သော်လည်း အမှတ်နည်းသဖြင့် အဆင့်မြှင့်ပညာသို့ တက်လမ်းနိုင်သူ အလွန်နည်းပါးနေခြင်း စသည်တို့မှာ ဝေးလံခက်ခဲသော နယ်စွန်နယ်ဖျားဒေသများ၏ ပညာရေးနိမ့်ကျနေမှုအခြေအနေများ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီးဒေသများ၏ အရည်အသွေးကွာဟချက်များ နေခြင်းကြောင့် သင်တန်းဝင်ခွင့်လျှောက်ထားခြင်း၊ အလုပ်အကိုင် လျှောက်ထားခြင်းတို့တွင်လည်း ရမှတ်ကန့်သတ်ချက်အရ လည်းကောင်း၊ ဖွံ့ဖြိုးပြီးဒေသများမှ လာရောက်လျှောက်ထားသူများနှင့် မယှဉ်နိုင်၍လည်းကောင်း၊ အလုပ်အကိုင်ရရှိရန်ခက်ခဲပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေဆဲဖြစ်ပါကြောင်း၊ ပညာရေးကွာဟချက်များနေရခြင်း အကြောင်းအရင်းများကို လေ့လာစိစစ် သုံးသပ်ပြီး အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးမှသာ နိမ့်ကျနေသော ဝေးလံခေါင်သီ ခက်ခဲဒေသများ၏ ပညာရေးအရည်အသွေး မြင့်မားလာပြီး ဖွံ့ဖြိုးပြီးဒေသများနှင့် ကွာဟချက်များ လျော့နည်းသွားမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွံ့ဖြိုးမှုနောက်ကျနေသော ဝေးလံခက်ခဲဒေသများ၏ ပညာရေးကို ဖွံ့ဖြိုးပြီးဒေသများနှင့် ကွာဟချက်နည်းနိုင်သမျှ နည်းပါးစေရေးအတွက် မည်သို့မြှင့်တင်ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။