(ဂ)-အရေးပေါ်ကုသမှုနှင့် အရေးပေါ် လူနာတင် ယာဉ်စနစ် ထူထောင်ရေး အစီအစဉ်နှင့် စပ်လျဉ်း သည့်မေးခွန်း။

2020-12-16

ဦးမောင်မောင်စိုး (အင်္ဂပူ)ယနေ့ ကမ္ဘာပေါ်တွင်တိုးတက်နေသော လူဦးရေ၊ ယာဉ်အန္တရာယ်များ၊ အရေးပေါ် ကျန်းမာရေးပြဿနာများ၊ ကူးစပ်ရောဂါနှင့် သဘာဝဘေးများ၊ စစ်ပွဲများနှင့် အကြမ်း ဖက်မှုများကြောင့် နေ့စဉ်နှင့်အမျှ လူများသေကြေဒဏ်ရာရလျက်ရှိပါကြောင်း၊  မိမိ တို့နိုင်ငံတွင်လည်း ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်မှ ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၂၁၆ ဦးသေဆုံးခဲ့ပြီး ၆၇၈ ဦး ဒဏ်ရာရခဲ့သည့်အပြင် နာဂစ်ကဲ့သို့ သဘာဝဘေးမျိုးတွင်လည်း သိန်းနှင့်ချီ ဖျက်ဆီးခဲ့သည်ဆိုသည်ကို သိရှိရပါကြောင်း၊ ဒဏ်ရာ(သို့မဟုတ်) ရောဂါပြင်းထန်စွာ ခံစားနေရသော လူနာတစ်ယောက်အတွက် အရေးပေါ် ကုသမှုခံယူကာ နီးစပ်ရာဆေးရုံ သို့ အချိန်မီ ရောက်ရှိ ကုသရန်ဖြစ်သော်လည်း ၂၀၀၃ ခုနှစ်နှင့် ၂၀၀၅ ခုနှစ် ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်လူနာဌာန သုတေသနပြုချက်အရ အရေးပေါ်ဌာနသို့ လာရောက် ပြသသော လူနာများ၏ ၃ ရာခိုင်နှုန်းသာ လူနာတင်ယာဉ်နှင့် လာရောက်နိုင်သည် ကို တွေ့ရှိရ ပါကြောင်း၊  ယနေ့ခေတ်  ရပ်ရွာ၊ မြို့နယ်များတွင် ကိုယ်ထူ ကိုယ်ထ လူမှုရေးအသင်းများအနေဖြင့် လူနာတင်ယာဉ် များ ထူထောင် လာကြသော်လည်း ယာဉ်လိုင်စင် ၊အသင်းအဖွဲ့လိုင်စင်နှင့် လူနာပြုစုကုသခြင်း အတတ်ပညာ များနှင့် ပတ်သက်ပြီး အခက်အခဲများရှိနေသည့်အတွက် အောင်မြင်သင့်သလောက် မအောင်မြင်သည်ကို လည်း တွေ့ရှိရပါကြောင်း၊ ယခင် အစိုးရလက်ထက်တွင် ရေတိုဆက်သွယ်ရေး၊ စာဆက်သွယ်ရေးကို ခွင့်မပြုခဲ့ခြင်းကြောင့်အရေးပေါ်လုပ်ငန်းများတွင် အရေးကြီးဆုံးဖြစ်သော Communication System ဆုံးရှုံးခဲ့ ပါကြောင်း၊  လူနာတင်ယာဉ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် လမ်း၊ အိမ်၊ အဆောက်အဦးတစ်ခု မှ ဆေးရုံ (သို့) ဆေးကုသမှု ပေးနိုင်သော နေရာသို့  ပို့ဆောင်ပေးရန် အထူး ပြုပြင်ထားသော ဆေးဝါးကိရိယာများ တပ်ဆင် ထားသော မော်တော်ယာဉ်၊ ရေယာဉ်၊ (သို့) လေယာဉ်ဟု သတ်မှတ်ထားရှိသည့်အတွက် လူနာတင်ယာဉ် စံနှုန်း သတ်မှတ်‌ရေးသည် အရေးကြီးပါကြောင်း၊  မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးများရှိ ဆရာဝန်အသင်းပိုင်၊ ကြက်ခြေနီများ၊ နာရေးကူညီမှုအသင်းများ၊ ရပ်ရွာနှင့် ဆရာတော်ပိုင်များ၊ ပုဂ္ဂလိကယာဉ်များနှင့် နိုင်ငံတော် အပိုင်းပိုင် စသည်ဖြင့် လူနာတင်ယာဉ်များစွာ ရှိကြသော်လည်း ၎င်းတို့သည့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်စပ်ခြင်း မရှိခြင်း၊ စံစနစ်မရှိခြင်းတို့ကြောင့် ထိရောက်သော အသက်ကယ်လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသည်  ကို တွေ့ရှိရပါကြောင်း၊  အလားတူပင်လူနာတင်ယာဉ်များတွင် တာဝန် ထမ်းဆောင်နေကြသော စေတနာ့ဝန် ထမ်းများနှင့် အစိုးရ ဝန်ထမ်းများ၏ အရည်အချင်းသတ်မှတ် ပြည့်မှီအောင်ကူညီခြင်း၊ သင်ကြားခြင်း၊ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းအပြင်  အရေးပေါ်ဆေးကုသမှုပြုလုပ်သည့် ဆရာဝန်၊ သူနာပြုနှင့် အခြားအဆင့် ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်၊ ကာကွယ်ခွင့်များအတွက် ဥပဒေလိုအပ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံများတွင် လူနာတင်ယာဉ် တပ်ဖွဲ့များကို  ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့များကဲ့သို့ တစ်ပြေးတည်း ထူထောင်ကြပြီး အရေးပေါ်အဖွဲ့ဆိုသည်မှာလည်း ယင်းအဖွဲ့သုံးဖွဲ့မှ ပူးတွဲတာဝန်ထမ်းဆောင်ကြ ရ ခြင်းဖြစ်ပါကြောင်း၊   အမေရိကားတွင် လူနာတင်ယာဉ်ကိုခေါ်လျှင် ၁၀ မိနစ်နှင့် ဂျပန်တွင် ၇ မိနစ် အတွင်း ရောက်ရန် စီမံကြသော်လည်း မြန်မာနိုင်ငံတွင် လူနာတင်ယာဉ်စနစ် မရှိသေးသည့်အတွက် ခေတ်မီတိုး တက်သော နိုင်ငံသစ်ကို ထူထောင်နိုင်သည့်အချိန်တွင် လူနာတင်ယာဉ်စနစ်ထူထောင်ရေးသည် လိုအပ်သည်ဟု ယူဆပါကြောင်း၊  ထို့ကြောင့်          ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော မြန်မာနိုင်ငံအရေးပေါ်ဆေးကုသမှုနှင့် အရေးပေါ်လူနာတင်ယာဉ်စနစ် ထူထောင်ရေးလုပ်ငန်းများနှင့်ဆက်စပ်သော လူနာတင်ယာဉ်အပေါ်တွင် တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်းများ၏ အခွင့်အရေးနှင့် ကာကွယ်ခွင့်များပါဝင်သော (Emergency Medical Service System) သို့မဟုတ် EMS Law ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးနိုင်မှု အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။