(ခ)-နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးအတွက် ပြုပြင်ဆောင်ရွက်ရန် အစီအစဉ် ရှိပါသလားနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးတင်မောင်ဦးစည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို သွားမည်ဆိုပါက တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးရှိမှ တည်ငြိမ်အေးချမ်းမှု ရမည်ဖြစ်ပါကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး အမှန်တစ်ကယ် ဒီမိုကရေစီနိုင်ငံကို သွားနိုင်မည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင်‌့ ပတ်သက်၍ ကောက်နှုတ်တင်ပြရပါက နိုင်ငံတော်တွင် လယ်ယာမြေ အငြင်းပွားမှုများစွာ ဖြစ်ပေါ်လျှက်ရှိရာ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး အစိုးရအဖွဲ့ကို စုံစမ်းစစ်ဆေးတွေ့ရှိ ချက်များ ပေးပို့ပြီးဖြစ်ပါရာ အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေ သိမ်းဆည်းခံရစဉ် က လျော်ကြေးပေးသင့်သော လယ်မြေများကို လျော်ကြေးပေးခြင်း စီမံကိန်းနှင့် မသုံးရသေးသော လယ်မြေများကို  မူလပိုင်ရှင်ကို ပြန်ပေးမည်ဆိုပါက ယခုပြဿနာများ အေးချမ်းပြေလည်သွားမည် ဖြစ်ပါကြောင်း။ လယ်ယာမြေကိစ္စ ဖြေရှင်းပေးနိုင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလည်းဝင်ရောက်လာမည်ဖြစ်ပါကြောင်း။

ယနေ့နိုင်ငံတော်တွင် ဒီကိစ္စကို မကိုင်တွယ်နိုင်တဲ့အတွက်ကြောင့် လူမစည်ကားသင့်သော တရားရုံးများ၊ ရဲစခန်းများတွင် စည်းကားနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆုံးရှုံးသွားသော လယ်သမားများ မှာလည်း ကာလတန်ဖိုးဖြင့် မြေပြန်လည်ရရှိရန် စောင်‌့ဆိုင်းနေသည့် အချိန်တွင် ပွဲစားများနှင့် ဝန်ထမ်းအချို့ပူပေါင်းပြီး မြေဂရန်တွေ၊  ပါမစ်တွေကျနေခြင်း။ တစ်ချို့အသင်းအဖွဲ့တွေကို အကာအကွယ်ယူပြီး ကျူးကျော်တဲများ ထောင်နဲ့ချီဆောက်နေကြခြင်း ဒါတွေကို ပြည်သူလူထုအနေဖြင့် မနှစ်သက်ပါကြောင်း၊ ပြည်သူများ အနေဖြင့် အေးချမ်းသာယာစွာ နေလိုသည့်အတွက် တရားဥပဒေစိုးမိုးရေး အပြည့်အဝရဖို့ မျှော်လင့်နေကြတာဖြစ်ပါကြောင်း။ အလားတူ ဆိုင်ကယ်မစီးရဟု သတ်မှတ်ထားသောဒေသများတွင် “ဆိုင်ကယ်ဖမ်းလို့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဓါးနဲ့ထိုးတဲ့ဖြစ်စဉ်များ၊ ရွှေရောင်းတဲ့လူတွေက ရွှေဖောက်ထွင်းမှာစိုးလို့ မရောင်းရဲတော့တဲ့ ဖြစ်စဉ်များ”  စသည့်ဖြစ်စဉ်များမှာ တရားဥပဒေစိုးမိုးမှုလျှော့နည်းလာခြင်းကို ဖော်ညွှန်းနေခြင်းများ ဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတော်ကို တစ်ကယ်သွားမယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ က ဒီမိုကရေစီရှိ ကျင့်စဉ်စံနှုန်းများကို သော်လည်းကောင်း၊ လူ့အခွင့်အရေးကို သော်လည်းကောင်း မထိခိုက်စေဘဲနှင့် တည်ဆဲဥပဒေများနှင့်အညီ ကျစ်ကျစ်လစ်လစ်၊ ရဲရဲဝံံ့ဝံ့နဲ့ ဖြေရှင်းသင့်သည်များကို  ဖြေရှင်းပေးရန် အချိန်တန်ပြီဖြစ်ပါကြောင်း၊ အလားတူပဲ ပြည်သူများအနေဖြင့်လည်း အေးချမ်းစွာနဲ့ ဒီမိုကရေစီ နိုင်ငံအသွင်ကူးပြောင်းနိုင်အောင် တည်ဆဲဥပဒေများနှင့်အညီ လှုပ်ရှားကြမည်။ ၁၉၄၇ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ခုနှစ်၊ ဒီကာလ ၃ ပါးထဲမှာ လည်နေပြီး အနာဂတ်မြန်မာနိုင်ငံတော်ကို မမျှော်မှန်းဘူးဆိုရင် တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ပါကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများဖြစ်သော ယနေ့ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ဒါတွေဟာ သင်ခန်းစာများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အခုအတိုင်းပဲ ဆက်ပြီးသွားနေမှာလား။ ပြုပြင်ဆောင်ရွက်ဖို့အစီအစဉ် ရှိပါသလား။ ပွင့်လင်းမြင်သာစွာဖြင့် မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။